
AB News – ဇွန် ၁၃၊ ၂၀၂၆
ကမ္ဘာ့နည်းပညာနှင့် စီးပွားရေးလောကတွင် သမိုင်းဝင် ဖြစ်ရပ်တစ်ခုအဖြစ် နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ် (Elon Musk) သည် ကမ္ဘာ့သမိုင်းတွင် ပထမဆုံးသော ထရီလီယံနာ (အမေရိကန်ဒေါ်လာ ဘီလီယံ ၁,၀၀၀ ကျော် ပိုင်ဆိုင်သူ) အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။
ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က Nasdaq စတော့စျေးကွက်တွင် SpaceX ကုမ္ပဏီ၏ ရှယ်ယာတစ်ခုလျှင် ၁၅၀ ဒေါ်လာဖြင့် စတင်ရောင်းချခဲ့ပြီးနောက် SpaceX နှင့် Tesla ၏ စီအီးအို (CEO) ဖြစ်သူ မတ်စ်၏ SpaceX တွင် ပိုင်ဆိုင်သည့် ရှယ်ယာတန်ဖိုးမှာ ဒေါ်လာ ၇၆၆ ဘီလီယံကျော်အထိ ရှိလာခဲ့သည်။
၎င်း၏ ဒေါ်လာ ၂၈၀ ဘီလီယံတန်ဖိုးရှိ Tesla ရှယ်ယာနှင့် ပေါင်းလိုက်ပါက သောကြာနေ့အထိ ကုမ္ပဏီ ၂ ခုလုံးမှ မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုမှာ ခန့်မှန်းခြေ ၁.၀၅ ထရီလီယံဒေါ်လာ ရှိခဲ့သည်။
လက်ရှိတွင် ၎င်း၏ ပိုင်ဆိုင်မှုပမာဏမှာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် နောက်ထပ် ဘီလီယံနာ (၅) ဦး၏ စည်းစိမ်စုစုပေါင်းထက်ပင် ပိုမိုများပြားနေပြီး ထိုင်ဝမ်၊ အိုင်ယာလန် သို့မဟုတ် ဆွီဒင်နိုင်ငံတို့၏ အမျိုးသား ဂျီဒီပီ (GDP) (ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး) ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
ဇွန်လ ၁၂ ရက်နေ့တွင် စျေးကွက်အတွင်း SpaceX ၏ ရှယ်ယာများသည် ၂၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်စုလျှင် ၁၆၀ ဒေါ်လာအထက်ဖြင့် စျေးပိတ်နိုင်ခဲ့သဖြင့် ကုမ္ပဏီတစ်ခုလုံး၏ စျေးကွက်တန်ဖိုးမှာ ဒေါ်လာ ၂ ထရီလီယံကျော် ရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် Tesla ရှယ်ယာများသည်လည်း ၂ ရာခိုင်နှုန်းနီးပါး မြင့်တက်ကာ တစ်စုလျှင် ၄၀၆ ဒေါ်လာခန့်အထိ စျေးပေါက်ခဲ့သည်။
အဆိုပါ ရှယ်ယာစျေးကွက် အောင်မြင်မှုကြောင့် အီလွန်မတ်စ် တစ်ဦးတည်း စံချိန်တင် ချမ်းသာလာရုံရုံမက ကုမ္ပဏီတွင်း ရှယ်ယာပိုင်ဆိုင်ထားကြသည့် ဝန်ထမ်းများနှင့် အမှုဆောင်အရာရှိ အများအပြားလည်း မီလီယံနာနှင့် ဘီလီယံနာအသစ်များအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားခဲ့ကြသည်။
အီလွန်မတ်စ်ကို Bloomberg နှင့် Forbes မဂ္ဂဇင်းတို့က ၂၀၁၂ ခုနှစ်တွင် အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၂.၄ ဘီလီယံဖြင့် ဘီလီယံနာစာရင်းသွင်းခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၂၀ ဘီလီယံအထိ ရှိလာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် Tesla စတော့ရှယ်ယာများ ခွဲထုတ်မှုအပြီးတွင် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ပိုင်ဆိုင်သည့် ဆင်တီဘီလီယံနာ (Centibillionaire) ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့် ၆ နှစ်တာကာလအတွင်း ၎င်း၏ အသားတင်ပိုင်ဆိုင်မှုမှာ (၁၀) ဆခန့်အထိ ခုန်တက်သွားခဲ့ခြင်း ဖြစ်သည်။ မတ်စ်၏ စည်းစိမ်တိုးပွားနှုန်းသည် ယခင်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်ခဲ့ကြသည့် ဂျက်ဖ်ဘီဇော့စ် (Amazon)၊ ဘီလ်ဂိတ်စ် (Microsoft)၊ ဘားနတ်အာနိုးလ် (LVMH) တို့ထက်ပင် သိသိသာသာ ပိုမိုမြန်ဆန်နေသည်။
လက်ရှိ ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ဒုတိယနေရာ၌ Google ပူးတွဲတည်ထောင်သူ လာရီပေ့ချ် (Larry Page) က ဒေါ်လာ ၂၉၅ ဘီလီယံဖြင့် အလှမ်းကွာဝေးစွာ ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဆာဂေးဘရင် (Sergey Brin)၊ ဂျက်ဖ်ဘီဇော့စ် (Jeff Bezos) နှင့် လာရီအယ်လီဆန် (Larry Ellison) တို့က ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်စီဖြင့် အသီးသီး လိုက်ပါနေကြသည်။
Ref/Photo : Elon Musk becomes world’s first trillionaire as SpaceX begins trading on the Nasdaq(CNBC)