
AB News – မတ် ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကျန် မြေမြှုပ်မိုင်း နင်းမိမှုကြောင့် စစ်ဘေးရှောင် အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ခြေတစ်ဖက် ပြတ်ထွက် သွားခဲ့ကြောင်း သိရသည်။
မတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်က သံတွဲမြို့နယ်၊ မောင်ရွှေလေး ကျေးရွာမှ မော်ရုံကျေးရွာသို့ စစ်ဘေးရှောင်နေသည့် ဦးကျော်မင်းထွန်းသည် ၎င်းနေထိုင်ရာ တဲအနီးရှိ တောင်ကုန်းပေါ်သို့ ထင်းခုတ်ရန် သွားရောက်စဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
အဆိုပါပေါက်ကွဲမှုကြောင့် ဦးကျော်မင်းထွန်း၏ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။
၎င်းမိုင်းမှာ ယခင်က စစ်ကော်မရှင်တပ်များ တပ်စွဲစဉ်က ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း အမျိုးအစားဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း သံတွဲမြို့နယ် ကျောက္ကလပ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့သည်။
လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ နယ်မြေအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ဒေသခံများအား မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။