သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ဗီယက်နမ်၏ ကြံရာပါပတ်သက်မှု ပိုမိုနက်ရှိုင်းလာ

AB News – စက်တင်ဘာ ၅၊ ၂၀၂၆

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တရားဝင်ခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့သည့် ဗီယက်နမ်အစိုးရ၏ ဆုံးဖြတ်ချက်သည် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်မှုကို ပိုမိုနက်ရှိုင်းစေကြောင်း Justice For Myanmar (JFM) က ပြင်းထန်စွာ ရှုတ်ချထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၄ ရက်မှ ၆ ရက်နေ့အထိ သွားရောက်မည့် အဆိုပါခရီးစဉ်အတွင်း မင်းအောင်လှိုင်သည် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စီစဉ်ထားပြီး ယင်းသည် ကာလရှည်ကြာ တည်ရှိလာသည့် စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ဆက်လက်ခိုင်မာစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဗီယက်နမ်၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Mytel ဆက်သွယ်ရေးလုပ်ငန်းသည် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment၊ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ခရိုနီများ ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်သည်။

JFM ၏ လေ့လာဆန်းစစ်ချက်များအရ စစ်တပ်သည် ယင်းလုပ်ငန်းမှ ဆယ်နှစ်အတွင်း အမြတ်ဝေစု အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် Mytel သည် မြန်မာစစ်တပ်အတွက် ငွေကြေးထောက်ပံ့မှုအပြင် မဟာဗူဟာမြောက် စစ်ရေးနှင့် စောင့်ကြညွထောက်လှမ်းရေး ရည်ရွယ်ချက်များအတွက်ပါ အထောက်အကူပြုလျက်ရှိသည်။

စစ်တပ်အခြေစိုက်စခန်းများနှင့် လက်နက်ထုတ်လုပ်ရေး စက်ရုံဝင်းများအတွင်း တာဝါတိုင်များ တည်ဆောက်ပေးထားသည့်အပြင် ရန်ကုန်နှင့် မန္တလေးရှိ ဒေတာစင်တာများ၌ တရုတ်နိုင်ငံထုတ် အင်တာနက်ပိတ်ဆို့ရေးနှင့် စောင့်ကြည့်ရေး စနစ်များကို တပ်ဆင်ထားသဖြင့် လူ့အခွင့်အရေး ကာကွယ်သူများနှင့် တော်လှန်ရေးအင်အားစုများကို ခြေရာခံ ဖမ်းဆီးသတ်ဖြတ်ရာတွင် အဓိက အထောက်အကူပြုနေသည်။

ဗီယက်နမ်ကုမ္ပဏီများသည် အရပ်သားများကို ပစ်မှတ်ထား ဗုံးကြဲနေသည့် စစ်တပ်၏ လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်တွင်လည်း ပါဝင်နေသည်။

Hai Linh Co. Ltd.၊ Allsea Management JSC နှင့် Legendsea Co. Ltd. တို့သည် လေယာဉ်ဆီများ ဦးတည်ရာနေရာ ဖုံးကွယ်၍ သယ်ယူပို့ဆောင်ရာတွင် ပါဝင်ပတ်သက်နေကြောင်း ဖော်ထုတ်ထားသည်။

ထို့အပြင် OSB Investment and Technology JSC စသည့် ကုမ္ပဏီများသည်လည်း ဂြိုဟ်တုဆက်သွယ်ရေး ပစ္စည်းများနှင့် စစ်ဘက်သုံး ဆက်သွယ်ရေးကိရိယာများကို မြန်မာစစ်တပ်ထံ ပို့ဆောင်ပေးခဲ့ကြောင်း JFM က ထုတ်ပြန်သည်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အရပ်သားတွေကို သတ်ဖြတ်နေတဲ့၊ လူအစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရအောင် လုပ်ဆောင်နေတဲ့ စစ်အုပ်စုကို ကျောထောက်နောက်ခံပြု ထောက်ပံ့နေတာတွေကို ဗီယက်နမ်နိုင်ငံအနေနဲ့ ချက်ချင်း ရပ်တန့်ရပါမယ်” ဟု ပြောကြားခဲ့သည်။

ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့အနေဖြင့် Mytel၊ Viettel Global၊ Hai Linh အပါအဝင် စစ်အုပ်စုကို ဘဏ္ဍာငွေ၊ စစ်ရေးသုံးပစ္စည်းများနှင့် လေယာဉ်ဆီများ ထောက်ပံ့ပေးနေသည့် ဗီယက်နမ် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် ကွန်ရက်တစ်ခုလုံးပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် Justice For Myanmar က တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်