AB News – အောက်တိုဘာ ၁၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အောက်ပိုက်သည် (မူဆလင်) ကျေးရွာမှ အကြမ်းဖက် ARSA အဖွဲ့ထံသို့ ရိက္ခာ၊ ဆေးဝါးနှင့် ငွေကြေးများ ထောက်ပံ့ပေးနေသူ မူဆလင်တစ်ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရရှိသူမှာ ကျောက်တော်မြို့နယ်၊ အောက်ပိုက်သည် (မူဆလင်) ကျေးရွာနေ အိုဘီဒူလာ၏သား အသက် ၄၀ အရွယ် ဟာမီတူဆင်း ဖြစ်ပြီး ၎င်းအား ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က DLEPS တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
အာရက္ခ မှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဟာမီတူဆင်းသည် ၂၀၁၅ ခုနှစ်က မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လုပ်ကိုင်စဉ် “နိုင်ငံခြားရောက် မူဆလင် တက်ကြွလှုပ်ရှားသူများ Group” ကို ဖွဲ့စည်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ARSA အကြမ်းဖက်အဖွဲ့သို့ ဆေးဝါး၊ ရိက္ခာနှင့် ငွေကြေးများ စတင်ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူ ဟာမီတူဆင်း၏ထွက်ဆိုချက်အရ အဆိုပါ Group ၌ နော်ဝေနိုင်ငံမှ အာဒူဆားလင်၊ အမေရိကန်နိုင်ငံမှ မိုဟာမတ် နာဆာလ်နှင့် မိုဟာမတ်နာဆေး၊ မလေးသျှားနိုင်ငံမှ မိုဟာမတ်အီစမိုင်း၊ အဒူမာဂျက်၊ မိုဟာမတ် အီစမန်၊ ဟာမီဒူ၊ ဆိုက်ဘူလား၊ ယူနို့(စ်)၊ အာပဒိုလ်ဂိုနီနှင့် ဟာမီဒူ၊ မိုဟာမတ်တာချိန်း၊ မိုဟာမတ်နာဆိမ့်၊ ဟတ်လာ၊ မိုဟာမတ်တာယု၊ မိုဟာမတ်တာမီ၊ အေဘာဒူလာ နှင့် ဖာရာဇာဒင်၊ မက်နော်ဆိမ်၊ ခါဆိမ့် စသည့် အဓိက တက်ကြွ လှုပ်ရှား လှုံ့ဆော်နေသည့် နိုင်ငံခြားရောက် မူဆလင်ခေါင်းဆောင် (၂၀) ဦးခန့် ပါဝင်ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဟာမီတူဆင်းသည် ၂၀၁၅ ခုနှစ်တွင် ရက္ခိုင်ပြည်မှ မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းဖြင့် သွားရောက်ခဲ့ပြီး ကာလန်၊ ဘူကစ်ဂျာလီနှင့် ကကျင်းအိုတမာ တို့ရှိ စားသောက်ဆိုင်များ၌ လုပ်ကိုင်ခဲ့သည်။
ယင်းသို့ လုပ်ကိုင်စဉ် မလေးရှားတွင် နေထိုင်သည့် မူဟာမတ်နာဆာလ် မှ ၎င်း၏ဖုန်း IMO Application အတွင်းရှိ “Rpara Development Society Group” ၌ စတင် ထည့်သွင်းခဲ့သည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် သူငယ်ချင်းဖြစ်သူ မူဟာမတ်အီစမိုင်းက “SULLUK P ONE GROUP” သို့လည်းကောင်း၊ ထိုမှတစ်ဆင့် နော်ဝေနိုင်ငံရောက် အာဒူဆားလင် က “(KTW) Education Welfare Council Group” နှင့် “(KTW) Welfare Media-Council Group” သို့လည်းကောင်း အဆင့်ဆင့် အဖွဲ့ဝင်အဖြစ် ထည့်သွင်းခဲ့သည်။
အဆိုပါ IMO Group များအတွင်း နော်ဝေ၊ အမေရိကန်နှင့် မလေးရှားနိုင်ငံတို့တွင် ရောက်ရှိနေသည့် မူဆလင် ခေါင်းဆောင် ၂၀ ဦးခန့်နှင့် အဆက်အသွယ်ပြုလုပ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်များနှင့် ARSA အဖွဲ့ထံ ဆေးဝါး၊ ရိက္ခာနှင့် ငွေကြေးများ စနစ်တကျ ထောက်ပံ့ပေးခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၅ ရက်တွင် နော်ဝေရောက် အာဒူဆားလင် နှင့် အမေရိကန်ရောက် မိုဟာမတ်နာဆာလ် တို့၏ ညွှန်ကြားချက်ဖြင့် မလေးရှားရောက် မြန်မာမူဆလင်များထံမှ ARSA အဖွဲ့အတွက် ကာဆိန်းနှင့် နော်ဆိန်း တို့က ငွေကြေးကောက်ခံရာ ဟာမီတူဆင်း က မလေးရှားရင်းဂစ် ၄၀ ကို ပထမအကြိမ် ထည့်ဝင်ခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင်လည်း မလေးရှားရင်းဂစ် ၄၀ ကို ဒုတိယအကြိမ် ထပ်မံထည့်ဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ဟာမီတူဆင်းသည် မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေစဥ် ၎င်း၏ ဇနီးဖြစ်သူ ဂိုလ်ဇာ နေမကောင်းသည်ဟု သိရသောကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် မလေးရှားနိုင်ငံမှ အောက်ပိုက်သည် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်နေ့တွင် ကျောက်တော်မြို့မ DLEPS စခန်း၌ အမှုဖွင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ဟာမီတူဆင်း အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့်လည်းကောင်း၊ အမှုမှ ထွက်ပြေးလွတ်မြောက်နေသည့် သံသယရှိသူ ၂၂ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ည)၊ ၅၂ (က) / ကျင့် ၅၁၂ တို့ဖြင့် တရားစွဲဆိုနိုင်ရေး အမှုခိုင်မာစွာ တည်ဆောက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ အမြန်ဆုံး တရားစွဲဆို တင်ပို့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


