သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် မီးသတ်ဌာန အသိပေးနှိုးဆော်

AB News – အောက်တိုဘာ ၁၄၊ ၂၀၂၆

​နွေရာသီကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြည်သူများ မီးဘေးလုံခြုံရေးဆိုင်ရာ စည်းကမ်းများ လိုက်နာဆောင်ရွက်ကြရေးအတွက် မောင်တောမြို့တွင် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ မီးသတ်ဌာနက မြို့တွင်းလှည့်လည်၍ လော်စပီကာဖြင့် အသိပေးနှိုးဆော်မှုများ ပြုလုပ်နေသည်။

မီးသတ်ဌာန၏ အသိပေးနှိုးဆော်ချက်တွင် နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူအသုံးပြုသည့် နေရာများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရန်နှင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီငြိမ်းသတ်နိုင်ရေးအတွက် လိုအပ်သည့် မီးငြိမ်းသတ်ရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။

နွေရာသီကာလတွင် ခြောက်သွေ့နေသော သစ်ရွက်များ၊ အမှိုက်များနှင့် မီးလောင်လွယ်သည့် ပစ္စည်းများကို စနစ်တကျ ရှင်းလင်းစွန့်ပစ်ရန်၊ မီးလောင်လွယ်သည့် နေရာများတွင် မီးရှို့ခြင်းကို ရှောင်ကြဉ်ရန်နှင့် ချက်ပြုတ်ရာတွင် အသုံးပြုသည့် မီးဖိုများကို မီးမငြိမ်းဘဲ ပစ်ထားခြင်းမပြုရန် အသိပေးထားသည်။ ဖယောင်းတိုင်များကိုလည်း မီးလောင်လွယ်သည့် ပစ္စည်းများအနီးတွင် ထားရှိအသုံးပြုခြင်းမပြုရန် နှိုးဆော်ထားသည်။

ဓာတ်ဆီဆိုင်များ၊ ရေနံဆီဆိုင်များနှင့် လောင်စာဆီသိုလှောင်သည့် နေရာများတွင် မီးသတ်ဆေးဘူးများ၊ မီးငြိမ်းသတ်ရေးပစ္စည်းများ၊ သဲပုံးများနှင့် ရေပုံးများကို အသင့်ထားရှိရမည်ဖြစ်ပြီး လောင်စာဆီသိုလှောင်ရာနေရာများ အပူလွန်ကဲမှုမဖြစ်စေရန်လည်း ဂရုပြုရမည်ဖြစ်သည်။ ထို့အပြင် မီးဖိုများတွင် မီးမကူးစက်နိုင်သည့် အကာအရံများ ပြုလုပ်ထားရန် လိုအပ်ကြောင်း အသိပေးထားသည်။

အလားတူ နေအိမ်များတွင်လည်း မီးချိတ်၊ မီးယပ်၊ လှေကား၊ သဲအိတ်နှင့် ရေအိတ်များကဲ့သို့ မီးဘေးအရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်သည့် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။

အစိုးရရုံးဌာနများ၊ ဌာနဆိုင်ရာရုံးများ၊ (INGO) ရုံးများ၊ ဟိုတယ်များ၊ မိုတယ်များနှင့် တည်းခိုခန်းများတွင်လည်း မီးသတ်ဆေးဘူးများနှင့် လိုအပ်သည့် မီးငြိမ်းသတ်ရေးပစ္စည်းများကို အသင့်ထားရှိရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မီးသတ်ယာဉ်များ အရေးပေါ်ဝင်ထွက်သွားလာနိုင်ရေးအတွက် လမ်းများပေါ်နှင့် လမ်းဘေးများရှိ ယာဉ်သွားလာမှုကို အဟန့်အတားဖြစ်စေသည့် ပစ္စည်းများနှင့် ဆိုင်ခန်းများကို စနစ်တကျ ရှင်းလင်းထားရန်လည်း လိုအပ်ကြောင်း အသိပေးထားသည်။

မီးဘေးကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက မီးသတ်ဌာနဥပဒေ ပုဒ်မ ၁၆ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးသတ်ဌာနက အသိပေးထားသည်။

မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက ” မီးဘေးအန္တရာယ်က ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာ မသိနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်။ မီးသတ်ဌာနက အခုလို လှည့်လည်အသိပေးတာကလည်း ပြည်သူတွေအတွက် မီးဘေးအန္တရာယ်ကို ပိုပြီးသတိထားနိုင်စေပါတယ် “ဟု ပြောသည်။

အခြားဒေသခံတစ်ဦးကလည်း ” မီးလောင်မှုဖြစ်လာရင် လူနဲ့အိမ်ခြံမြေတွေ ထိခိုက်ဆုံးရှုံးနိုင်တာကြောင့် မီးသတ်ဆေးဘူး၊ ရေပုံးနဲ့ သဲပုံးတွေကို ကြိုတင်အသင့်ထားသင့်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း မီးဘေးကာကွယ်ရေးစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

မီးဘေးအန္တရာယ်သည် လူ့အသက်အိုးအိမ်စည်းစိမ်နှင့် အများပြည်သူပိုင်ပစ္စည်းများကို ထိခိုက်ဆုံးရှုံးစေနိုင်သည့်အတွက် မီးဘေးကာကွယ်ရေးစည်းကမ်းများကို လိုက်နာခြင်း၊ မီးငြိမ်းသတ်ရေးပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားခြင်းနှင့် မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများကို သတိပြုရှောင်ရှားခြင်းတို့သည် အရေးကြီးကြောင်း ဖော်ပြထားသည်။

Photo – AB News

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ