သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ် စက်လှေနစ်မြုပ်မှုအတွင်း သေဆုံးသူ ၉ ဦး အထိရှိလာ

AB News – ဩဂုတ် ၄၊ ၂၀၂၆

​တောင်ကုတ်မြို့နယ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၃၁) ရက်နေ့က ကျောင်းဆရာ/ဆရာမများစီးနင်းလိုက်ပါလာသော ခရီးသည်တင်စက်လှေတစ်စင်းနစ်မြုပ်ခဲ့မှုအတွင်း ပျောက်ဆုံးနေသူ (၇) ဦး၏ ရုပ်အလောင်းကို ဩဂုတ်လ (၂) ရက်နေ့က ရှာဖွေတွေ့ရှိခဲ့သဖြင့် လက်ရှိတွင် သေဆုံးသူ စုစုပေါင်း (၉) ဦးအထိရှိလာကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းများမှာ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်း၊ င/ကာကိုင်းရွာမှ အသက် (၂၂) နှစ်အရွယ် ဆရာမ ဒေါ်အေးအေးမူ၊ အသက် (၅၀) နှစ်အရွယ် ဦးတင်ထွန်း၊ ကလိန်တောင်ကျွန်း၊ နပင်းချိုင်ရွာမှ အသက် (၂၂) အရွယ် ဇော်ဝင်းလှိုင်၊ အသက် (၄၂) နှစ်အရွယ် ဦးညီဆန်းချေ၊ အသက် (၁၈) နှစ်အရွယ် ကျောင်းသား မောင်မျိုးမင်းထွန်း၊ ပန်းတင်ကျွန်း၊ အလယ်တန်းရွာမှ အသက် (၂၅) နှစ်အရွယ် ဆရာမ ဒေါ်အိဖြူနှင့် ဖောင်းခါးရွာမှ အသက် (၂၉) နှစ်အရွယ် ပြည်စုံဟိန်းတို့၏ ရုပ်အလောင်းများဖြစ်သည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇူလိုင်လာ (၃၁) ရက်နေ့က တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်း၊ မကျည်းတောဆိပ်ကမ်းမှ ကလိန်​တောင်သို့ ထွက်ခွာလာသည့် ကျောင်းဆရာ/ ဆရာမအပါအဝင် ခရီးသည် (၁၃) ဦး စီးနင်းလိုက်ပါလာသော ၎င်းစက်လှေသည် အဆိုပါနေ့ ညနေ (၃) နာရီခန့်တွင် ပန်းတင်ကျွန်းအနီး အောင်စိတ်ကေမြစ်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်အတွင်း ဆရာ၊ ဆရာမများအပါအဝင် ခရီးသည် (၄) ဦးမှာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး အသက် (၃၀) နှစ်အရွယ် ဆရာမ ဒေါ်ပပစိုးနှင့် အသက် (၃၁) နှစ်အရွယ် ဆရာ ဦးဖြိုးလွင်တို့၏ ရုပ်အလောင်းကို ကနဦးရှာဖွေတွေ့ရှိခဲ့ကာ ဆရာ၊ ဆရာမ (၄) ဦးအပါအဝင် ကျန်ခရီးသည် (၇) ဦးမှာပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသူများအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာများနှင့်ဒေသခံများ ပူးပေါင်းပြီး အရေးပေါ်ရှာဖွေခဲ့ကြရာ ပြီးခဲ့သည့် ဩဂုတ်လ (၂) ရက်နေ့၊ နံနက် (၁၀) နာရီခန့်တွင် ပျောက်ဆုံးနေသူ (၇) ဦး၏ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပျောက်ဆုံးနေသူများ၏ရုပ်အလောင်းများကို သက်ဆိုင်ရာမှာ စိစစ်ကာ မိသားစုများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

ပုံစာ – Arakan Princess Media

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ