AB News – သြဂုတ် ၂၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ အာရက္ခပြည်အတွင်းသို့ ခိုးဝင်ကာ အကြမ်းဖက်မှုများ ပြုလုပ်ရန် ကြိုးပမ်းသည့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် ARSA အဖွဲ့ဝင်များ လိုက်ပါလာသော စက်လှေတစ်စီးမှာ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက သျှင်မဖြူကျွန်း (ချားပူးဒီယာ) ကမ်းရိုးတန်းအလွန် ပင်လယ်ပြင်၌ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
လှေမှောက်ရာတွင် လိုက်ပါလာသော ARSA အဖွဲ့ဝင် ၁၈ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးပြီး သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
လှေမှောက်မှုကြောင့် အခြား ဘင်္ဂလားဒေ့ရှ် အခြေစိုက် အကြမ်းဖက် ARSA အဖွဲ့ဝင် ၁၃ ဦးမှာ လက်ရှိအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်လှေသည် တက္ကနဖ်မြို့အနီး သျှင်မဖြူကျွန်း ကမ်းရိုးတန်းအလွန်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ရေထဲမျောပါနေသည့် အမျိုးသား ၁၈ ဦးကို ဒေသခံ ငါးဖမ်းသမားများက ဆယ်ယူကာ BGB တပ်ရင်း (၂) ထံ အပ်နှံခဲ့ခြင်းဖြစ်သည်။
တက္ကနဖ် BGB တပ်ရင်း (၂) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး Hanifur Rahman Bhuiyan နှင့် တက္ကနဖ်ရဲစခန်းတာဝန်ခံ Mohammad Saiful Islam တို့၏ ပြောကြားချက်အရ ဖမ်းဆီးရမိထားသူ ၁၈ ဦးလုံးမှာ အမျိုးသားများ ဖြစ်ကြပြီး လက်ရှိတွင် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းကာ စစ်ဆေးမေးမြန်းမှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ် အခြေစိုက် အကြမ်းဖက် ARSA အဖွဲ့ဝင်များသည် ယခင်က ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် စစ်ကော်မရှင်နှင့် ပူးပေါင်း၍ အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ခဲ့သူများဖြစ်ပြီး AA ၏ ထိုးစစ်များကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသူများဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ဖော်ပြထားသည်။
Photo – Original Uploader



