
AB News – သြဂုတ် ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ခရီးသည် ၁၃ ဦး လိုက်ပါလာသည့် စက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီခွဲခန့်က တောင်ကုတ်မြို့နယ် ပန်းတင်းကျွန်းမှ ဖောင်းခါးကျွန်းသို့ သွားလာနေသည့် စက်လှေတစ်စီး ပင်လယ်ပြင်တွင် လှိုင်းလေပြင်းထန်မှုကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါအချိန်တွင် လှိုင်းကြီးပြီး လေပြင်းတိုက်ခတ်နေသည့်အပြင် တိုက်လေယာဉ်တစ်စီး အရှိန်ပြင်းစွာ နိမ့်ပျံသန်းလာမှုကြောင့် ခရီးသည်များ ထိတ်လန့်ရုန်းကန်ရာမှ စက်လှေ မတည်ငြိမ်ဖြစ်ကာ မှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” မနေ့က ညနေ ၄ နာရီကျော်လောက်မှာ လှေမှောက်သွားတာပါ။ လှိုင်းလည်းကြီးတဲ့အချိန်၊ ဂျက်လေယာဉ်ကလည်း အနိမ့်ပျံလာတော့ ခရီးသည်တွေ ထိတ်လန့်ပြီး ရုန်းကန်ရာကနေ လှေမှောက်သွားတယ်လို့ သိရပါတယ်” ဟု တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
စက်လှေပေါ်တွင် လိုက်ပါလာသူ ၁၃ ဦးအနက် ၄ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ကျောင်းဆရာမတစ်ဦး၏ ရုပ်အလောင်းကိုလည်း ပြန်လည်တွေ့ရှိထားကာ ပျောက်ဆုံးနေသည့် ၈ ဦးကိုမူ ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
လက်ရှိကာလတွင် ရက္ခိုင်ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်များ၌ လေပြင်းနှင့် လှိုင်းကြီးနိုင်သဖြင့် ငါးဖမ်းရေယာဉ်များ၊ ကုန်တင်ရေယာဉ်များနှင့် ပင်လယ်ပြင်သွားလာသူများအနေဖြင့် ရာသီဥတုအခြေအနေကို အထူးဂရုပြုရန် လိုအပ်ကြောင်း သိရသည်။