သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် ညီအစ်မနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် တရားခံကို DLEPS ဖမ်းဆီးရမိ

AB News – ဇူလိုင် ၃၀၊ ၂၀၂၆

ကျောက်တော်မြို့နယ်၊ သရက်တပင်အုပ်စု၊ ကျောက်တလုံးကျေးရွာမှ အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့ပြီး လွတ်မြောက်နေသည့် တရားခံအား ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန( DLEPS) မှ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဧပြီလ ဒုတိယပတ်ခန့်က ကျောက်တော်မြို့နယ်၊ ရင်းချောင်းဒေသတွင် ယာခင်း အငှားစောင့်အဖြစ် သွားရောက်လုပ်ကိုင်နေသည့် မိသားစုမှ အသက် (၁၄) နှစ်အရွယ် အစ်မဖြစ်သူနှင့် အသက် (၈) နှစ်အရွယ် ညီမဖြစ်သူတို့ကို အသက် (၄၀) ကျော်အရွယ် ယာခင်းပိုင်ရှင်က ခြိမ်းခြောက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့​ခြင်းနှင့် မဖွယ်မရာများပြုလုပ်ရန် ခိုင်းစေခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သတ်၍ ကျူးလွန်ခံရသူ မိသားစုဘက်မှ ပြီးခဲ့သည့် မေလ (၁၄) ရက်နေ့က (DLEPS) ထံ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်တိုင်ကြားပြီးနောက်တွင် ကျူးလွန်သူမှာ ဆက်တိုက် ထွက်ပြေးတိမ်းရှောင်နေခဲ့သော်လည်း ယမန်နေ့ ဇူလိုင်လ (၂၉) ရက်နေ့ ည (၁၀) နာရီခန့်အချိန်တွင် သရက်တပင်ကျေးရွာအတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

” မနေ့က ည (၁၀) နာရီလောက်မှာ ဖမ်းမိတယ်လို့ပြောတယ်၊ သူ့ရဲ့နေအိမ်က ဖမ်းမိတာတော့ မဟုတ်ဘူး၊ အရက်မူးမူးနဲ့ တခြားတစ်ယောက်ရဲ့နေအိမ်မှာ ဝင်အိပ်နေတဲ့အချိန်မှာ ဖမ်းမိခဲ့တာလို့ ပြောတယ်၊ သူအိမ်က ထွက်သွားတုန်းက နားကပ် တစ်စုံနဲ့ ပိုက်ဆံ သိန်း(၃၀) ပါသွားတယ်လို့ သူ့မိန်းမက ပြောတယ်၊ ခုဖမ်းမိတော့ မရှိတော့ဘူးတဲ့” ဟု ဒေသခံတစ်ဦးက Arakan Bay News သို့ပြောသည်။

ထို့​ပြင် ကျူးလွန်သူ၏ မိသားစုဘက်မှ အမှုကိုကြေအေးပေးရန် ငွေကြေးများဖြင့် လာရောက်ညှိနှိုင်းမှုများရှိခဲ့ပြီး ကျူးလွန်ခံရသူ မိသားစုမှာလည်း အလုပ်မှ ထုတ်ပယ်ခံရသဖြင့် စားဝတ်နေရေးများနှင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ကြုံတွေ့ခဲ့ရသည်။

လက်ရှိမှာ ကျူးလွန်သူအားဖမ်းဆီးရမိထားပြီဖြစ်ပြီး DLEPS မှ တရားဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရက္ခိုင်မှာ ၂၀၂၆ နှစ်ဆန်းပိုင်းမှစ၍ ဇူလိုင်လအထိ အဓမ္မပြု​ကျင့်မှု (၁၁) မှုအထိဖြစ်ပွားခဲ့ပြီး၊ လိင်ပိုင်းဆိုင်ရာ စော်ကားရန်ကြံစဥ်မှု (၄) မှု အထိဖြစ်ပွားခဲ့ကြောင်း Arakan Bay News ၏ ကောက်ယူထားသော အချက်အလက်များအရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ