သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ အလောင်းဖျောက်မှုဖြင့် တရားခံ ၃ ဦးကို DLEPS ဖမ်းဆီး

AB News – ဇူလိုင် ၂၇၊ ၂၀၂၆

ရက္ခိုင်​​ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ထားသည့်အမှုနှင့် ဆက်စပ်၍ တရားခံ သုံးဦးကို ဖမ်းဆီးထားကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ယနေ့ ဇူလိုင် ၂၇ တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ အဆိုပါအမျိုးသမီး၏ ရုပ်အလောင်းကို ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်-ကျော်ဇံကျေးရွာသွားလမ်းဘေးရှိ သရက်ခြံအတွင်း မြောင်းတစ်ခု၌ ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ လက်ကို နောက်ပြန်လက်ထိတ်ခတ်ခံထားရပြီး အောက်ပိုင်းအဝတ်အစား မပါရှိဘဲ ဦးခေါင်းနောက်စေ့တွင် ပြင်းထန်သည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ ရုပ်အလောင်းမှာ ပုပ်ပွနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ DLEPS က လူသတ်မှုဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ သေဆုံးသူမှာ အောင်ဆိပ်ကျေးရွာမှ ဇူလိုင် ၁၈ ရက်ကတည်းက ပျောက်ဆုံးနေသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။

စုံစမ်းမှုများအရ သေဆုံးသူကို လူမှုရေးကိစ္စတစ်ခုအတွက် အကူအညီလိုအပ်သည်ဟု အကြောင်းပြကာ ခေါ်ဆောင်သွားခဲ့သည်ဟုဆိုသော အသက် ၃၇ နှစ်အရွယ် မောင်တင်ဝင်းကို ဇူလိုင် ၂၃ ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ ၎င်း၏ထွက်ဆိုချက်အရ အသက် ၂၉ နှစ်အရွယ် မောင်အေးကျော် (ခေါ်) မောင်ပုနှင့် အသက် ၂၁ နှစ်အရွယ် မောင်သန်းစိုး (ခေါ်) ငလုံးတို့ကိုလည်း ဆက်လက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

DLEPS ၏ ထုတ်ပြန်ချက်အရ မောင်တင်ဝင်းသည် အမျိုးသမီးကို ကြိုတင်ကြံစည်၍ ခေါ်ဆောင်သွားပြီး လက်ထိတ်ခတ်ကာ မျက်လုံးစည်းထားစေခဲ့ပြီးနောက် လိင်ပိုင်းဆိုင်ရာ စော်ကားရန် ကြိုးပမ်းရာ ငြင်းဆန်သဖြင့် ကျောက်တုံးဖြင့် ထုသတ်ခဲ့ကာ ၁၀ မိနစ်ခန့် အဓမ္မပြုကျင့်ခဲ့ပြီး သေဆုံးသွားသည့်နောက် ရုပ်အလောင်းကို လူမမြင်စေရန် ရေအိုင်ထဲသို့ ဆွဲချဖျောက်ဖျက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသည်ဟု ဖော်ပြထားသည်။

အခြားသံသယရှိသူနှစ်ဦးကလည်း မောင်တင်ဝင်း၏ ထွက်ဆိုချက်နှင့် ကိုက်ညီသည့် ထွက်ဆိုချက်များ ပေးထားကြောင်း DLEPS က ဆိုသည်။

လက်ရှိတွင် သံသယရှိသူ သုံးဦးကို ချုပ်ရမန်ရယူထားပြီး သက်သေခံပစ္စည်းများ သိမ်းဆည်းကာ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

DLEPS က လူသတ်မှုနှင့် မုဒိမ်းမှုများသည် အလွန်ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများဖြစ်ကြောင်း ထောက်ပြကာ ယင်းကဲ့သို့သော မှုခင်းများ လျော့နည်းစေရေးအတွက် မိသားစုများ၊ လူမှုအသိုင်းအဝိုင်းများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

Photo – အာရက္ခမှုခင်းနှင့် ဆက်စပ်
သတင်းများ ထုတ်ပြန်ရေးအဖွဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ