AB News – ဇူလိုင် ၂၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ပေါက်တောချေကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတစ်ခုကို မိသားစုဝင်များက ဝက်ရူးပြန်ရောဂါကြောင့် သေဆုံးမှုဟု ယူဆကာ သင်္ဂြိုဟ်ခဲ့ပြီးနောက် သမီးဖြစ်သူ၏ သံသယဖြင့် တိုင်ကြားမှုအရ အမှုမှန်ပေါ်ပေါက်ခဲ့ကာ တရားခံကို DLEPS က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့၏ ဇူလိုင် ၂၂ ရက် ထုတ်ပြန်ချက်အရ ဖြစ်စဉ်မှာ ဇွန်လ ၂၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ ပေါက်တောချေကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ကျောက်ခင်းလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ ပေါက်တောချေကျေးရွာနေ ဦးလှထွန်း၏သား အသက် ၄၈ နှစ်အရွယ် ဦးကျော်သန်းချေ (ခ) ဦးအောင်ကြွပ်ဖြစ်ပြီး ၎င်း၏ ဘယ်ဘက်နားထင်၊ နားရွက်နှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်အစတွင် သေဆုံးသူ၏ မိသားစုဝင်များက ဦးကျော်သန်းချေတွင် မွေးရာပါ ဝက်ရူးပြန်ရောဂါရှိသဖြင့် ချော်လဲရာမှ ဒဏ်ရာရပြီး သေဆုံးခြင်းဖြစ်သည်ဟု ယူဆခဲ့ကြကာ သက်ဆိုင်ရာသို့ အကြောင်းမကြားဘဲ ဖြစ်ပွားသည့်နေ့တွင်ပင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြသည်။
သို့သော် သေဆုံးသူ၏ သမီးဖြစ်သူ မအေးငြိမ်းစံက ဖခင်ဖြစ်သူ၏ ရရှိထားသည့် ဒဏ်ရာများသည် ရောဂါကြောင့် လဲကျမှုနှင့် မကိုက်ညီဘဲ သံသယဖြစ်ဖွယ် တွေ့ရှိခဲ့သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် DLEPS သို့ သွားရောက်တိုင်ကြားခဲ့သည်။
တိုင်ကြားချက်အရ DLEPS က ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပြီး ဇွန်လ ၂၁ ရက်တွင် မြို့နယ်ဆရာဝန်၊ မြို့နယ်တရားသူကြီးတို့နှင့်အတူ မြှုပ်နှံထားသည့် ရုပ်အလောင်းကို ပြန်လည်တူးဖော်ကာ ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များ၊ သက်သေအထောက်အထားများ ရှာဖွေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် ဦးကျော်သန်းချေသည် ကျောက်ဆုံကျေးရွာနေ ဦးသန်းဝင်းနှင့် အခြားသူတစ်ဦးတို့နှင့်အတူ ကျေးရွာရှိ အရက်ဆိုင်တစ်ခု၌ အတူသောက်စားခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးကျော်သန်းချေက ဦးသန်းဝင်းအား နေအိမ်သို့ ထမင်းစားရန် ခေါ်ဆောင်သွားစဉ် လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဦးသန်းဝင်းမှာ ပေါက်တူးတစ်လက် ကိုင်ဆောင်ကာ ထွက်ခွာသွားသည်ကို မျက်မြင်သက်သေများက ထွက်ဆိုခဲ့ကြောင်း သိရသည်။
ထွက်ဆိုချက်များနှင့် ရရှိထားသည့် သက်သေအထောက်အထားများအပေါ် အခြေခံ၍ သံသယရှိသူ ဦးသန်းဝင်းကို ဇွန်လ ၂၂ ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းက ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
ဦးသန်းဝင်း၏ ထွက်ဆိုချက်အရ ဦးကျော်သန်းချေနှင့်အတူ သွားနေစဉ် လမ်းဘေးရှိ လူမနေသည့် အိမ်တစ်အိမ်အတွင်း ဝင်ရောက်ခဲ့ရာမှ “ခိုးယူရန် ဝင်ရောက်ခြင်းဖြစ်သည်” ဟု စွပ်စွဲခံရပြီး စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ဦးကျော်သန်းချေက ဇီးကိုင်းဖြင့် စတင်ရိုက်နှက်ခဲ့ရာ ဒေါသအလျောက် အသင့်ပါလာသည့် ပေါက်တူးဖြင့် ပြန်လည်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အလျား ၄ ပေခန့်၊ အသွား ၈ လက်မခန့်ရှိ ပေါက်တူးကို သက်သေအဖြစ် သိမ်းဆည်းထားပြီး တရားခံ ဦးသန်းဝင်းသည် တရားရုံးတွင် မိမိသဘောဆန္ဒဖြင့် ဝန်ခံဖြောင့်ချက်ပေးထားသဖြင့် ဥပဒေနှင့်အညီ ဆက်လက်တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့




