AB News – ဧပြီ ၂၇၊ ၂၀၂၆
မကွေးတိုင်းဒေသကြီး၊ ယောဒေသ၊ ဆောမြို့နယ်အတွင်းရှိ ဗျူဟာမြောက် အချက်အခြာကျသည့် ကံကြီးကျေးရွာတွင် စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူထားပြီးနောက် ယနေ့မွန်းလွဲပိုင်းမှ စတင်ကာ အရေးကြီးလမ်းပိုင်းအချို့ကို သွားလာခြင်းမပြုကြရန် ယောအလင်းတန်းမှ ထုတ်ပြန်ထားသည်။
ကျောက်ထုအခြေစိုက် အမှတ် (၃၆၈) အမြောက်တပ်မှ အင်အား ၂၀၀ ခန့်ရှိသည့် စုပေါင်းစစ်ကြောင်းသည် ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ကံကြီးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့ ဧပြီလ ၂၇ ရက်နေ့အထိ (၂) ရက်မြောက် ညအိပ်စခန်းချကာ ကျေးရွာအတွင်း နေရာအနှံ့အပြား၌ ဖြန့်ကျက်နေရာယူထားဆဲဖြစ်ကြောင်း သိရသည်။
မြေပြင်သတင်းများအရ စစ်ကော်မရှင်တပ်သား ၂၀ ခန့်သည် ကံကြီးတံတားပေါ်တွင် မကြာခဏ ကင်းပတ်ခြင်းများ ပြုလုပ်နေသည့်အပြင် ရွာတွင်းရှိ လမ်းဆုံလမ်းခွများတွင်လည်း ကင်းပုန်းဝတ်၍ ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ကံကြီးရွာသည် ယောနယ်၊ ချင်းပြည်နယ်နှင့် ရက္ခိုင်ပြည်တို့ကို ဆက်သွယ်ပေးထားသည့် အဓိကပင်မ ဆက်သွယ်ရေးလမ်းဆုံနေရာဖြစ်ပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေလည်း ဖြစ်သည်။
အဆိုပါကျေးရွာသို့ စစ်ကော်မရှင်ဘက်မှ ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းမှာ ယင်းနေရာတွင် ခြေကုပ်စခန်းပြန်လည်တည်ဆောက်ပြီး နယ်မြေစိုးမိုးမှု ပြန်လည်ရယူရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လတွင်လည်း ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်(အောင်မြင်) ရွာတွင် အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအဖွဲ့များ၏ စိုးမိုးနယ်မြေကို စစ်ကော်မရှင်ဘက်မှ ပြန်လည်လုယူခဲ့သည်များလည်း ရှိခဲ့သည်။
စစ်ရေးအခြေအနေ တင်းမာလာမှုကြောင့် ယနေ့ ဧပြီ ၂၇ ရက်နေ့၊ နေ့လည် (၃:၀၀) နာရီမှစတင်ကာ ဆော-ကျောက်ထု လမ်းပိုင်းနှင့် ကံကြီး-မင်းတပ် လမ်းပိုင်းအချို့ကို လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြရန် အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။
ဒေသတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိကြရန်နှင့် မိမိတို့၏ လုံခြုံရေးကို အထူးဂရုစိုက်ကြရန် “ယောအလင်းတန်း” သတင်းပြန်ကြားရေးအဖွဲ့မှ တိုက်တွန်းနှိုးဆော်ထားပြီး လတ်တလောတွင် စစ်ကော်မရှင်စစ်ကြောင်း၏ လှုပ်ရှားမှုများကြောင့် အနီးအနားကျေးရွာများမှ ပြည်သူများမှာလည်း စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။
ဓာတ်ပုံ – ယောအလင်းတန်း

