
AB News – မတ် ၃၀၊ ၂၀၂၆
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူထောင်ပေါင်းများစွာကို အကြမ်းဖက်သတ်ဖြတ်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုသမ္မတလောင်းအဖြစ် ယနေ့ မတ်လ ၃၀ ရက်နေ့တွင် ရွေးချယ်တင်မြှောက်လိုက်သည်။
နိုင်ငံတော်သမ္မတရွေးချယ်ရန်အတွက် လွှတ်တော်အစုအဖွဲ့များက ဒုသမ္မတလောင်းတစ်ဦးစီ ရွေးချယ်ရာတွင် မင်းအောင်လှိုင်ကို ပြည်သူ့လွှတ်တော်အစုအဖွဲ့က တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်အစုအဖွဲ့က ကရင်ပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်သူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ယနေ့နံနက်ပိုင်း၌ နေပြည်တော် ဇေယျာသီရိဗိမာန်တွင် ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ဗိုလ်ချုပ်မှူးကြီးအဆင့်အထိ ရာထူးတိုးပေးခဲ့ပြီး ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးတို့ကို အသီးသီး ခန့်အပ်ခဲ့သည်။
စစ်ခေါင်းဆောင်၏ နားနှင့် မျက်စိဟု လူသိများသည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် မတ်လအစပိုင်းတွင်မှ စရဖ အရာရှိချုပ်အဖြစ်မှ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာခဲ့သူဖြစ်ရာ တစ်လမပြည့်မီအချိန်အတွင်း တပ်ချုပ်ရာထူးအထိ ထပ်မံတိုးမြှင့်ခံရခြင်းဖြစ်သည်။
ယခုကဲ့သို့ ပြည်သူ့အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သူအား ဒုသမ္မတလောင်းအဖြစ် တင်မြှောက်ခြင်းနှင့် တပ်မတော်ထိပ်ပိုင်း ရာထူးအပြောင်းအလဲများမှာ လက်ရှိမြန်မာ့နိုင်ငံရေးနှင့် စစ်ရေးအကျပ်အတည်းများကြားတွင် စစ်ကော်မရှင်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်မှု ပြောင်းလဲမှုတစ်ခုအဖြစ် အများက စောင့်ကြည့်လျက်ရှိသည်။