
AB News – မတ် ၂၄၊ ၂၀၂၆
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရက္ခိုင်ပြည်မှ မြို့နယ်များတွင် အသက်ငါးနှစ်အောက် ကလေးငယ်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မတ်လ ၂၃ ရက်နေ့တွင် တတိယအကြိမ် ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရှိရသည်။
ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးပေးရာမှာ ၂ လသားအရွယ်မှ ၃ နှစ်အရွယ်အထိ၊ ဒုတိယအကြိမ်မှာ ၂ လသားအရွယ်မှ ၅ နှစ်အရွယ်အထိ ပါဝင်ခဲ့ပြီး တတိယအကြိမ်တွင် ၂ လသားအရွယ်မှ ၅ နှစ်အရွယ်အထိ ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများမှာ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး(DPT)တို့ပါဝင်ပြီး လက်ရှိတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အခမဲ့အစီအစဥ်ဖြင့် ကာကွယ်ဆေးများ ထိုးပေးလာသည်မှာ တတိယအကြိမ်သို့ ရောက်ရှိလာပြီဖြစ်သည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မြို့ပေါ်နှင့် ကျေးရွာများမှ ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးနှံပေးနေသကဲ့သို့ စစ်ဘေးရှောင်စခန်းများရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကာကွယ်ဆေးများထိုးနှံပေးနေလျက်ရှိကြောင်း သိရှိရသည်။