
AB News – မတ် ၁၈၊ ၂၀၂၆
NUG လက်အောက်ခံ အမှတ် (၁) စစ်ဒေသ၏ တစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်သိမ်း ခံထားရသည့် SRA တပ်ပေါင်းစုအဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၏ ခေါင်းဆောင် ကိုဇီးကွက် နှင့် တပ်သား ၄ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က PDF ဂိတ်စခန်းတစ်ခုတွင် ဖမ်းဆီးခံခဲ့ရသည့် ကိုဇီးကွက်နှင့် တပ်သားများမှာ မတ်လ ၁၅ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီး ၎င်းတို့နှင့်အတူ ပါလာသည့် လက်နက်များပါ ပြန်လည်ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖမ်းဆီးမှုကို အမှတ် ၁ စစ်ဒေသညွန့်ကြားချက်ဟုဆိုကာ မတ်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးပြီးနောက် SRA ဘက်မှ NUG နှင့် ဆွေးနွေးခဲ့ရကြောင်း သိရှိရသည်။
အလားတူ မတ်လ ၃ ရက်နေ့ ညနေပိုင်းအချိန်တွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် ပကဖ မကွေးအနောက်ခြမ်းဒေသ၌ SRA အဖွဲ့ဝင် ကျောင်းသားလက်ရုံးတပ်တော်(SAF)မှ တပ်သား ၄ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။