
AB News – ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယူနွတ်စ် ဦးဆောင်သည့် ယာယီအစိုးရ၏ ၁၈ လတာ အုပ်ချုပ်ကာလအတွင်း အစ္စလာမ်ဘာသာဝင် မဟုတ်သည့်သူများ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆုံးရှုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ရေးသားဖော်ပြကြသည်ကို တွေ့ရှိရသည်။
အစ္စလာမ်ဘာသာဝင်မဟုတ်သည့် စစ်တကောင်းနေ ဌာနေတိုင်းရင်းသား လူနည်းစုများဖြစ်ကြသည့် ဟိန္ဒူ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဝင်များမှာ ယာယီအစိုးရ အုပ်ချုပ်စဥ်ကာလအတွင်း ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့် မရရှိခဲ့၍ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုများ ရှိခဲ့ကြောင်း ဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ယာယီကြားဖြတ်အစိုးရ၏ ၁၈ လတာ သက်တမ်းအတွင်း မူဆလင်မဟုတ်သည့် အခြား ဘာသာရေးကိုးကွယ်သူများနှင့် လူနည်းစုများမှာ “ဒုတိယတန်းစား နိုင်ငံသားများ” အဖြစ်သို့ ရောက်ရှိနေကြောင်း ဒါကာတက္ကသိုလ်မှ လူမှုဆက်ဆံရေးနှင့် သတင်းပညာဌာနမှ ပရော်ဖက်ဆာ ရိုဘာယက် ဖာဒေါ့စ်(Robayet Ferdous) က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဒါကာသတင်းထောက်များအစည်းအရုံး (DRU) ရှိ Sagar-Runi ခန်းမ၌ “လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံသားများအဖွဲ့ (Citizens of Human Rights)” မှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီ ၁၈ လတာ ကြားဖြတ်အစိုးရရဲ့ အောင်မြင်မှုဆိုတာ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ် အပြီးတိုင် အဆင့်နှိမ့်ချလိုက်တာပါပဲ” ဟု ပရော်ဖက်ဆာ ဖာဒေါ့စ်က ဆိုသည်။
စစ်တကောင်းတောင်းတန်းဒေသရှိ၊ ရာအိုဇန် (Raozan) နှင့် မီလ်စာရိုင် (Mirsarai) နယ်မြေများတွင် မကြာသေးမီက ဟိန္ဒူဘာသာဝင်များ၏ နေအိမ် ၁၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်များကို ကွင်းဆင်းစစ်ဆေးပြီးနောက် ယခုကဲ့သို့သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများသည် ပစ္စည်းလုယက်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ခြောက်လှန့်ရန်နှင့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲမပေးနိုင်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
“ဒါဟာ ထောင်ချောက်တစ်ခုပါပဲ။ သူတို့ မဲမပေးရင်လည်း နိုင်ငံရေးပါတီတစ်ခုခုကို ထောက်ခံလို့ဆိုပြီး အပြစ်တင်ခံရမယ်။ မဲပေးပြန်ရင်လည်း ရှုံးနိမ့်သွားတဲ့ ကိုယ်စားလှယ်တွေရဲ့ ရန်ငြိုးကို ခံရနိုင်တယ်။ ပြည်သူတွေအတွက် အဓိက လိုအပ်နေတာက မဲပေးပြီးတာနဲ့ အိမ်ကို ဘေးကင်းကင်း ပြန်နိုင်မယ်ဆိုတဲ့ လုံခြုံရေး အာမခံချက်ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားသည် အကျင့်ပျက်ခြစားမှုများနှင့် တရားဥပဒေစိုးမိုးရေး အားနည်းမှုများကြောင့် လူနည်းစုများ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်ခြင်း မရှိကြောင်းနှင့် နိုင်ငံတော်နှင့် တရားဥပဒေက အခြေခံလူတန်းစားများကို ပစ်ပယ်ထားသကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ဝေဖန်သည်။
“ဘင်္ဂလားဒေ့ရှ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစ္စလာမ်နိုင်ငံ ဖြစ်ပေမဲ့၊ တခြားဘာသာဝင်တွေအနေနဲ့ ဒီ ၁၈ လအတွင်းမှာ သူတို့ရဲ့ ဘာသာရေးကို လွတ်လပ်ငြိမ်းချမ်းစွာ ကိုးကွယ်ခွင့် မရခဲ့ကြဘူး” ဟု ပရော်ဖက်ဆာ ဖာဒေါ့စ်က ဖြည့်စွက်ပြောဆိုထားသည်။
လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံသားများအဖွဲ့၏ စီအီးအို ဇာကီယာ ဟိုစိန် (Zakir Hossain) က အဆိုပါ မီးရှို့မှုများသည် မိသားစုများကို အရှင်လတ်လတ် မီးရှို့သတ်ရန် ကြိုးပမ်းသည့် လုပ်ရပ်များဖြစ်သည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် စစ်တကောင်းတန်းနယ် ဌာနေလူမျိုးများအနေဖြင့် ယခုအုပ်ချုပ်မည့်အစိုးရသည်လည်း လူ့အခွင့်အရေးများ၊ တောင်းဆိုချက်များကို မျက်ကွယ်ပြုကာ ဖိနှိပ်မှုများ ဆက်လက်လုပ်ဆောင်လာမည်ကို ဒေသခံပြည်သူများမှ စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။