
AB News – ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းနယ်၊ ဘင်ဒရိုဘင်(ရွာတော်ခရိုင်)၊ ရိုအန်ဆိုရီ အနီးရှိ မူရန်ဘဇားဒေသတွင် လူနည်းစုတော်လှန်ရေးအဖွဲ့(JSS)နှင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာန(ISPR) က သတင်းထုတ်ပြန်သည်။
Jana Sanghati Samity အဖွဲ့သည် စစ်တကောင်းတောင်တန်းနယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။
ISPR ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် အဆိုပါဒေသအတွင်း စစ်ဆင်ရေး တစ်ခုပြုလုပ်စဉ်အတွင်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြပါထားသည်။
JSS တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်စစ်တပ် ကင်းလှည့်အဖွဲ့ကို စတင်ပစ်ခတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်က သေနတ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ISPR၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပစ်ခတ်မှုဖြစ်ပွားချိန်တွင် JSS အဖွဲ့ဝင်အချို့သည် အနီးပတ်ဝန်းကျင်ရှိ စာသင်ကျောင်းတစ်ကျောင်းအတွင်း ခိုလှုံပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ခဲ့ရာ ဒဏ်ရာရရှိထားသည့် JSS အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ဆိုထားသည်။
တိုက်ပွဲအတွင်း SMG စက်သေနတ် ၁ လက်၊ ကျည်ဆန် ၁၄၀ ကျော်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုထားသည်။
JSS အဖွဲ့သည် စစ်တကောင်းတောင်တန်းဒေသရှိ သက် (Chakma)၊ မရမာ (Marma) အပါအဝင် လူမျိုးစု ၁၁ ခု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။