AB News – ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘမ်းခြမ်း လမ်းမကြီးဘေးတွင်ရှိသည့် ဘိန်းစိုက်ခင်းများကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ လာရောက်တိုင်ကြားမှုများကြောင့် ထိုဘိန်းစိုက်ခင်းများကို ဝင်ရောက်ဖျက်ဆီးခဲ့ရ ကြောင်း KNDF ၏ ဗျူဟာ ၄ ဗျူဟာမှူးက မီဒီယာများတွင် ပြောဆိုထားသည်။
ဘိန်းစိုက်ခင်းများအား မဖျက်ဆီးမီ KNDF မှ ဘိန်းစိုက်ပျိုးမှုများနှင့် ပတ်သက်၍ ကန့်သတ်တားမြစ်စာများ ထုတ်ပြန်ထားပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှစ၍ ဒီမော့ဆိုမြို့ အနောက်ဖက်ခြမ်း၊ လွိုင်းနန်းဖမြို့နယ်များတွင်း ဘိန်းစိုက်ပျိုးခြင်းကို တားမြစ်ထားပြီး လာမည့်နှစ်များတွင်လည်း ၎င်းမြို့နယ်များအတွင်း ဘိန်းစိုက်ပျိုးမှုကို တားဆီး၊ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း KNDF က ဆိုသည်။
တစ်ဖက်တွင်လည်း ဘိန်းစိုက်ပျိုးမှု ချက်ချင်းရပ်ဆိုင်းခြင်းမှာ စစ်ရေးပဋိပက္ခနှင့် စီးပွားရေးအကြပ်အတည်း များကို ရင်ဆိုင်နေရသည့် ဒေသခံများအတွက် အခက်အခဲစိန်ခေါ်မှုများ ဖြစ်ပေါ်နိုင်သည်ဟုဆိုကာ ဒေသတွင်း သဘောထားကွဲလွဲမှုများ ရှိနေကြောင်းသိရသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ထုတ်ပြန်ချက်အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်လာပြီး ကရင်နီပြည်နယ်၌ ဘိန်းစိုက်ပျိုးမှု ၂၁ ရာခိုင်နှုန်းအထိမြင့်တက် လာကြောင်း သိရသည်။


