AB News – စက်တင်ဘာ ၂၊ ၂၀၂၆
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပထမဆုံးအကြိမ် ညီလာခံတွင် အာရက္ခတပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အွန်လိုင်းမှတစ်ဆင့် ပါဝင်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
KNDF ညီလာခံကို ဩဂုတ် ၂၈ နှင့် ၂၉ ရက်တို့တွင် ကရင်နီပြည်အတွင်းရှိ လျှို့ဝှက်နေရာတစ်ခု၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့၏ ဗဟိုကော်မတီဝင်များ၊ စစ်ဒေသအလိုက် တာဝန်ရှိသူများ၊ ဌာနမှူးများ၊ တပ်ရင်းမှူးများနှင့် ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူများအပါအဝင် တပ်ဖွဲ့ဝင် ၁၀၅ ဦး တက်ရောက်ခဲ့သည်။
တက်ရောက်သူများတွင် အမျိုးသား ၉၁ ဦးနှင့် အမျိုးသမီး ၁၄ ဦး ပါဝင်သည်ဟု KNDF က ဆိုသည်။
အဆိုပါညီလာခံ၌ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပါဝင်မှုသည် ပြည်နယ်တစ်ခုအတွင်း အခြေစိုက်သည့် KNDF ၏ အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးပွဲတွင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင် ပါဝင်လာသည့် အချက်ဖြစ်သည်။
သို့သော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အမှာစကားတွင် မည်သည့်အကြောင်းအရာများကို ပြောကြားခဲ့သည်ဆိုသည်ကို KNDF ၏ ယနေ့ထုတ်ပြန်ချက်တွင် အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
ညီလာခံတွင် KNDF တည်ထောင်ပြီးနောက် လုပ်ဆောင်လာခဲ့သည့် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး လာမည့်ကာလအတွက် တပ်ဖွဲ့၏ တည်ဆောက်ရေးနှင့် စစ်ရေး၊ နိုင်ငံရေး လုပ်ဆောင်မှုများကို မည်သို့ ဆက်လက်သွားမည်ဆိုသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။
KNDF က ၎င်း၏ တော်လှန်ရေးသည် စစ်ရေးတစ်ခုတည်းအပေါ် အခြေခံခြင်းမဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက်နှင့် တွဲဖက်သွားရမည်ဟု အလေးထားဖော်ပြထားသည်။
ထို့အတွက် လက်နက်ကိုင်တော်လှန်ရေးမှ ရရှိလာသည့် အကျိုးရလဒ်များကို နိုင်ငံရေးအရ ဆက်လက်တည်ဆောက်သွားရန် လိုအပ်ကြောင်းလည်း ဆိုသည်။
KNDF ၏ ရည်မှန်းချက်မှာ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရပ်တည်မည့် တပ်ဖွဲ့တစ်ရပ်ဖြစ်လာရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးတို့ကို ကာကွယ်သည့် တပ်တော်တစ်ရပ် ဖြစ်လာရေးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးအခင်းအကျင်းတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းထားပြီး လူမျိုးနှင့် ဘာသာအပေါ် အခြေခံ၍ ခွဲခြားမှုမရှိသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထောက်ခံထားသည်။
လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR) နှင့် လက်နက်ကိုင်အဖွဲ့များ ဖျက်သိမ်း၊ ပြန်လည်ပေါင်းစည်းရေး (DDR) ဆိုင်ရာ အယူအဆများလည်း ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ထဲတွင် ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNDF သည် နွေဦးတော်လှန်ရေး စတင်ခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်နီဒေသတွင် ဖွဲ့စည်းပေါ်ပေါက်လာသည့် အဓိက လက်နက်ကိုင်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပြီး စစ်ကော်မရှင်တပ်များကို တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့များနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည်။
ယခုကျင်းပသည့် ညီလာခံမှတစ်ဆင့် KNDF ၏ နောက်တစ်ဆင့် တပ်ဖွဲ့တည်ဆောက်ရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပုံ – KNDF
