သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆောမြို့နယ်ကို စကမ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး



‎AB News – ဖေဖော်ဝါရီ ၆၊ ၂၀၂၆

‎မကွေးတိုင်း၊ ဆောမြို့နယ်၊ မိအယ်ကျေးရွာကို ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်ကော်မရှင်က ​လေကြောင်းဗုံးကြဲတိုက်ခဲ့သောကြောင့် အသက်မပြည့်သည့် ကလေးငယ်များအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံးခဲ့ရပြီး  ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

‎စကမ သည် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မိအယ်ကျေးရွာကို စကမက လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့​ကြောင်း ယောအလင်းတန်း၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‎သေဆုံးသွားသည့် အမျိုးသမီးများမှာ အသက် ၇၀ အရွယ်တစ်ဦး၊ အသက် ၅၀ နှင့် ၄၀ အရွယ် ၂ ဦး၊ အသက် ၁၃ နှစ် ၁ ဦး၊ အသက် ၁၀ အောက်အရွယ် တစ်ဦး အပြင် အသက် ၅၀ အရွယ်အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းအပြင် နေအိမ် ၄ ဆောင်ထက်မနည်း ဗုံးစထိမှန်ပျက်စီးခဲ့သည်။

‎မိအယ်ကျေးရွာကို စကမ၏ UAV ဒရုန်းနှင့် ကင်းထောက်လေယာဥ်များ ပျံသန်းကင်းထောက်ပြီးနောက် ၁ နာရီအကြာတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

‎ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စကမသည် ယောဒေသကို လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

‎စကမသည် နိုင်ငံအနှံ့ ၎င်းတို့လက်လွှတ်ဆုံးရှုံးနယ်မြေများရှိ ပြည်သူများနေထိုင်ရာ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့် စစ်ရှောင်စခန်းများကို စစ်ရေးပစ်မှတ်ထားကာ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ