AB News – ဖေဖော်ဝါရီ ၂၊ ၂၀၂၆
ဂျူလိုင်
မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်(WLB) က လိင်နှင့် ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှု အမှုပေါင်း ၂၀၉ မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အစီရင်ခံစာတစ်ဆောင်ကို ယမန့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
“၂၀၂၅ ကို လည်ပြန်ကြည့်ခြင်း” (Locking Back on 2025)ဟု အမည်ပေးထားသော အဆိုပါအစီရင်ခံစာတွင် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် ပိုမိုဆုတ်ယုတ်ဆိုးရွားလာသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း အခြေနေများကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် သက်ရောက်မှုများကို အထူးအလေးပေး ဖော်ပြထားသည်။
လိင်နှင့် ဂျဲန်ဒါ အခြေပြုအကြမ်းဖက်မှု အမှုပေါင်း ၂၀၉ မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ရှင်သန်လွတ်မြောက်လာသူ အမျိုးသမီး ၁၂၁၂ ဦး အထိ ရှိခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ပါရှိသည်။
အဆိုပါအကြမ်းဖက်မှုများတွင် အိမ်တွင်းအကြမ်းဖက်မှု ၁၄၅ မှု၊ မုဒိမ်းမှု ၂၈ မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စော်ကားနှောက်ယှက်မှု ၃၆ မှု၊ လူကုန်ကူးမှု ၆ မှု၊ အတင်းအဓ္ဓမ လက်ထပ်ထိမ်းမြားစေမှု ၂ မှု၊ Cyber Bully ၁ မှု တို့ပါဝင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် WLB အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများ(IDPs)၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သူများ၊ အမျိုးသမီးလူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူများ(WHRDs)၊ လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV)၊ ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု(CRSV)မှ ရှင်သန်လွတ်မြောက်လာသူများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း ဆိုထားသည်။




