AB News – ဇန်နဝါရီ ၁၅၊ ၂၀၂၆
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နတ်ခွန် ရာချတ်ဆီမာ ပြည်နယ်၊ ဆီခူဒေသ၌ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းအချိန်တွင် ခရီးသည်တင် ရထားတစ်စီးအပေါ် ကရိန်းကြီးတစ်စင်း ပြိုကျမှုကြောင့် သေဆုံးသူ ၃၂ ဦးနှင့် ဒဏ်ရာ ရရှိသူ ၆၆ ဦးထက်မနည်း တိုးလာခဲ့ကြောင်း သိရသည်။
ယမန်နေ့တွင် သေဆုံးသူ ၂၂ ဦးအထိ ရှိခဲ့ရာ လက်ရှိတွင် ရထားအပျက်အစီးများအား ရှာဖွေရာမှ သေဆုံးအလောင်းများ ထပ်မံတွေ့ရပြီး ဆေးရုံတွင် ကုသမှုခံယူနေကြသည့် ဒဏ်ရာရလူနာများမှ သေဆုံးသူ ထပ်တိုးလာကာ လက်ရှိတွင် သေဆုံးသူ စုစုပေါင်း ၃၂ ဦးထိ တိုးလာခြင်း ဖြစ်သည်။
အဆိုပါ ကရိန်းပြုတ်ကျမှုကြောင့် ရထားတွဲတချို့ ပိတ်မိပြီး တွန့်လိမ်ပျက်စီးကာ အချို့အတွဲများ မီးလောင်မှုဖြစ်၍ အခြားရထားတွဲများမှာလည်း သံလမ်းပေါ်မှ ချော်ထွက်ပျက်စီးခဲ့ရာ သေဆုံး၊ ဒဏ်ရာရသူများ များစွာရှိလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရထားတွင် စုစုပေါင်း ခရီးသည် ၁၇၁ နီးပါး စီးနင်းလိုက်ပါခဲ့ကြောင်း ရထားပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောခြင်းအရ သိရသည်။
ထိုင်းအစိုးရ ရထားပို့ဆောင်ရေးဌာနမှ ကရိန်းကို တာဝန်ယူကာ လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီကို တရားစွဲဆိုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကရိန်းကို တည်ဆောက်ထားသည့် Italian-Thai Development ကုမ္ပဏီမှ ယခုဖြစ်စဥ်အား အထူးဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပြီး ထိခိုက်သေဆုံးခဲ့သူတွေနဲ့ မိသားစုတွေအတွက် နစ်နာကြေးပေးသွားမယ်ဖြစ်ကြောင်းလည်း သိရသည်။
ပြိုကျပျက်စီးခဲ့သည့် ကရိန်းမှာ တရုတ်မှ ရင်းနှီးမြှုပ်နှံထားသည့် ဒေါ်လာ ၅.၄ ဘီလီယံတန် ပရောဂျက် တစ်ခုဖြစ်ကာ ခုံးကျော် ရထားလမ်းတစ်ခု တည်ဆောက်မှုမှာ တပ်ဆင်ထားခြင်းဖြစ်ပြီး ထိုပရောဂျက်မှာ ဘန်ကောက်မြို့၏ အိမ်နီးချင်း လာအိုနိုင်ငံအား အဝေးပြေး ရထားသံလမ်းအဖြစ် ဆက်သွယ်ရန် ရည်ရွယ်ပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။




