
AB News – ဇန်နဝါရီ ၁၀၊ ၂၀၂၆
အောင်စိုး
ရက္ခိုင်တွင် ငါး နှင့် ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ငါးလုပ်ငန်းနှင့် ရေသယံဇာတ စီမံခန့်ခွဲရေးဌာနမှ ယမန်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရက္ခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် ဒေသခံများ ထုတ်ပြန်ချက်ပါစည်းကမ်းများကို လိုက်နာကြရန် ပြောဆိုထားသည်။
ထိုထုတ်ပြန်ချက်တွင် တားမြစ်စည်းကမ်း ၅ ချက် ပါရှိကြောင်း သိရသည်။
၁။ ရှားပါးရေနေသတ္တဝါများဖြစ်သည့် (ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းရှုး၊ လင်းပိုင် နှင့် ဝေလငါး )များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း နှင့် ရောင်းချခြင်းများ မပြုလုပ်ရ။
၂။ အဆိပ်ချငါးဖမ်းဆီးခြင်း၊ ရှော့တိုက် ငါးဖမ်းဆီးခြင်း၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအသုံးပြု၍ ငါးဖမ်းဆီးခြင်းများ မပြုလုပ်ရ။
၃။ တားမြစ်ကိရိယာ/ ငါးဖမ်းနည်းများဖြင့် ငါးဖမ်းဆီးခြင်း မပြုလုပ်ရ။
၄။ ရေနေသတ္တဝါများ မျိုးပွားရှင်သန်ကျက်စားရာ ပြာတော/ပြားတော(ဒီရေတော) များ၏ ဂေဟစနစ်ကို ပျက်စီးစေနိုင်သည့် ခုတ်ထွင်ရှင်းလင်းခြင်းများ မပြုလုပ်ရ။
၅။ တားမြစ်ချက်များကို ကျူးလွန်ကြောင်းတွေ့ရှိပါက ငါးလုပ်ငန်းဥပဒေအတိုင်းထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသတွင်း ငါးမျိုးစိတ်များ မျိုးတုန်းပျောက်ကွယ်ခြင်းမှ ကာကွယ်ရန်၊ ရေဂေဟစနစ်ပျက်စီးမှုကို ထိန်းသိမ်းရန်နှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် စားနပ်ရိက္ခာပြတ်လပ်မှုအန္တရာယ်များကို ကြိုတင်ကာကွယ်ရန် ယခုကဲ့သို့ တားမြစ်စည်းကမ်းချက်များ ထုတ်ပြန်ရခြင်းဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးက ဆိုသည်။
တစ်ဖက်တွင်လည်း တားမြစ်နည်းလမ်းများဖြင့် ငါးဖမ်းလာသောကြောင့် ငါးမျိုးစိတ်များ ရှားပါးလာကာ သမားရိုးကျလုပ်ကိုင်နေသည့် ရေလုပ်သားများမှာ ငါးဖမ်းရာတွင် အခက်အခဲများ ရှိလာနေကြောင်း သိရသည်။
“ငါးသားပုစွန်တွေရှားပါးလာတဲ့အကြောင်းရင်းကတော့ မြစ်၊ ချောင်းတွေမှာ ဓါတုဆေးသုံးပြီး ဖမ်းလာတာတွေကြောင့်ပါ။ ငါးမျိုးစိတ်တွေ လုံးဝ ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်။ အခုက ရှားပါးသွားတဲ့ အဆင့်ပါ။ ငါးမျိုးစိတ်တွေတော့ ရှိပါသေးတယ်။အရင်တုန်းကလို ဖောဖောသီသီ မရှိတော့ဘူးပေါ့” ဟု အသက် ၃၀ အရွယ် ရေလုပ်သား ကိုအောင်သန်းဝင်းက ဆိုသည်။
ထို့အပြင် ရက္ခိုင်ဒေသအတွင်း ဆောင်းခိုငှက်များအား ဖမ်းဆီးသတ်ဖြတ်ရောင်းချမှုများ မပြုလုပ်ကြရန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ထုတ်ပြန်ထားသည်။