သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထန်းတပင် ရွေးကောက်ပွဲ အစည်းအဝေး ဗုံးကြဲခံရ၊ လျှပ်စစ်မန်နေဂျာ ၁ ဦး သေဆုံး

AB News – ဇန်နဝါရီ ၁၁၊ ၂၀၂၆

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ၁ ဦး သေဆုံး ပြီး ဌာနဆိုင်ရာဝန်ထမ်း အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်တွင် ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မဲစာရင်းစစ်ဆေးခြင်းနှင့် မဲရုံလုံခြုံရေးကိစ္စရပ်များအတွက် ဌာနဆိုင်ရာပေါင်းစုံ အစည်းအဝေးပြုလုပ်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၎င်းတိုက်ခိုက်မှုကြောင့် အစည်းအဝေးတက်ရောက်နေသည့် မြို့နယ်လျှပ်စစ်ရုံး မန်နေဂျာမှာ ဗုံးစထိမှန်ကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး၊ အနီးအနားရှိ အခြားဌာနဆိုင်ရာ ဝန်ထမ်းအများအပြားလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။

ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတည်၊ က၀၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ မိုးညိုနှင့် မင်းလှမြို့နယ် စုစုပေါင်း ၁၂ မြို့နယ်တွင် ရွေးကောက်ပွဲ ယနေ့ ကျင်း ပနေခြင်းဖြစ်သည်။

ရွေးကောက်ပွဲကျင်းပနေချိန်အတွင်း ထန်းတပင်မြို့နယ်၌ တိုက်ခိုက်မှုဖြစ်ပွားခဲ့သလို၊ ပဲခူးတိုင်းအတွင်းရှိ ဖြူးမြို့နယ်နှင့် ပဲနွယ်ကုန်းမြို့နယ်တို့တွင်လည်း တော်လှန်ရေးတပ်များက စကမ ၏ စခန်းများနှင့် ဂိတ်စခန်းများကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ