AB News – ဇန်နဝါရီ ၂၊ ၂၀၂၆
နွယ်စိုး
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း ARSA နှင့် RSO အဖွဲ့များ၏ အန္တရာယ်ကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းထားရသည့် မူဆလင်ဒေသခံများအား အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးနေသည်ကို တွေ့ရသည်။
မောင်တောမြောက်ပိုင်းရှိ ဖက်လိပ်ပြင်နှင့် ကျောက်ချောင်း ကျေးရွာတို့မှ စုစုပေါင်း အိမ်ထောင်စု (၂၇) စု၊ စုစုပေါင်း လူဦးရေ (၉၂) ဦးအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဘေးကင်းလုံခြုံသည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းပေးခဲ့သည်။
ရွှေ့ပြောင်းလာသူများထဲတွင် ငါးနှစ်အောက် ကလေးငယ် (၁၆) ဦးနှင့် နို့တိုက်မိခင် (၈) ဦးတို့ ပါဝင်သည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကျန်းမာရေးစောင့်ရှောက်မှုဖြင့် အလှမ်းဝေးကွာခဲ့သည့် အဆိုပါဒေသခံများအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အခမဲ့ ဆေးကုသပေးနေခြင်းလည်းဖြစ်သည်။
ဖက်လိပ်ပြင်ရွာမှ ဒေသခံ မူဆလင် ရှာရီဖာ
က “အရင်က ဆေးရုံဆေးခန်းဆိုတာ မမြင်ဖူးသလောက်ပါပဲ။ အခုလို AA က လူမျိုးဘာသာမရွေး အခမဲ့ကုသပေးလို့ ကျန်းမာရေးအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး” ဟု ဆိုသည်။
အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်များအတွင်း ရက္ခိုင်နှင့် မူဆလင် နှစ်ဖက်အသိုင်းအဝိုင်းကြား ယုံကြည်မှုနှင့် ချစ်ကြည်ရေးမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရသည်။
ယင်းအပြင် အာရက္ခပြည်သူ့ကျန်းမာရေး ဌာနမှလည်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်ကိုလည်း AB News ၏ ကွင်းဆင်းလေ့လာချက်များအရ သိရှိရသည်။





