
AB News- ဇန်နဝါရီ ၂၊ ၂၀၂၆
ဒေဝီ
ရုရှား- ယူကရိန်း နှစ်နိုင်ငံစစ်ပွဲအဆုံးသတ်ရန်နှင့် သဘောတူညီချက်ရရှိရန် ၁၀ ရာခိုင်နှုန်းသာ လိုတော့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်က ရုရှား- ယူကရိန်း စစ်ပွဲရပ်တန့်ရန် ကြိုးပမ်းမှုများသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အရှိန်အဟုန်မြင့်တက်လာသော်လည်း နယ်မြေဆိုင်ရာ အဓိက ပြဿနာနှင့်ပတ်သတ်၍ နှစ်ဖက်စလုံးက သဘောထားကွဲလွဲနေဆဲဖြစ်သည်။
ယူကရိန်းနိုင်ငံ၏ ၂၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားသော ရုရှားသည် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံ၏ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အပြည့်အဝထိန်းချုပ်ရန် တွန်းအားပေးနေသည်ဟု သိရသည်။
ဇလန်စကီးက ၎င်း၏ နိုင်ငံသည် စစ်ပွဲကို အဆုံးသတ်ရန်လိုလားသော်လည်း ရုရှားနိုင်ငံ၏ ထပ်မံကျူးကျော်ခြင်းကို တားဆီးရန် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညက မိန့်ခွန်းပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ ၉၀ ရာခိုင်နှုန်း အသင့်ဖြစ်နေပါပြီ။ ၁၀ ရာခိုင်နှုန်း ကျန်ပါသေးတယ်။ အဲဒါက ကိန်းဂဏန်းတွေထက် အများကြီးပိုပါတယ်” ဟု ဇလန်စကီးက ပြောကြားခဲ့သည်။
ရုရှားသည် ရုရှား-ယူကရိန်း ဆွေးနွေးပွဲမအောင်မြင်ပါက ၎င်းတို့အပိုင်အဖြစ်ကြေညာထားသည့် ကျန်ရှိသော ယူကရိန်းမြေကို အင်အားသုံး သိမ်းပိုက်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။