
AB news – နိုဝင်ဘာ ၂၁ ၊ ၂၀၂၅
အမရာ
မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်တွင် တရားမဝင်နိုင်ငံခြားသား ၄၆၈ ဦးဖမ်းဆီးခံရရာတွင် မြန်မာနိုင်ငံသား ၁၇၅ဦး ပါဝင်ကြောင်း ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ပါဟန်းပြည်နယ်၊ ကင်မရွန်းဟိုက်လန်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ဟင်းသီးဟင်းရွက်များ သစ်သီးခြံများကို နိုဝင်ဘာ ၂၀ ရက်နေ့တွင် မလေးရှားအာဏာပိုင်များ ဝင်ရောက်စီးနင်းဖမ်းခဲ့ခြင်းဖြစ်သည်။
မလေးရှားလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်ဖြစ်သော Datuk Zakaria Shaaban ကဦးစီးပြီး အော်ပရာစီ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အင်အားရာနဲ့ချီ အသုံးပြုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၁၇၅ဦး၊ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၁၇၄ ဦး ၊ အင်ဒိုနီးရှားနိုင်ငံသား ၆၇ဦး ၊ နီပေါနိုင်ငံသား ၂၀ဦး စုစုပေါင်း အခြားနိုင်ငံသား ၄၆၈ဦး တို့သည် တရားမဝင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
” မြန်မာ ၁၇၀ ကျော်အဖမ်းခံရတာပါ။ အဆောက်အအုံတွေကိုဝင်ဖမ်းတယ်။ အလုပ်ရုံ ၊စက်ရုံတွေကို ဝင်ဖမ်းပါတယ်။ ရဲတပ်ဖွဲ့အင်အားရာနဲ့ချီ အသုံးပြုခဲ့ပါတယ်၊ အထောက်အထားရှိတာ မရှိတာအကုန်ဖမ်းပါတယ်၊ အထောက်အထားရှိတဲ့သူတွေကျတော့ ပြန်လွှတ်ပေးပါတယ်၊ ရခိုင်လူမျိုးတွေလည်း အများကြီး အဖမ်းခံရတဲ့အထဲမှာပါပါတယ်၊ အရေအတွက်ကိုတော့ တိတိကျကျမပြောတတ်ဘူး” ဟု မလေးရှားနိုင်ငံ ရခိုင်အဖွဲ့အစည်းတစ်ခုတွင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
အဆိုပါ ကင်မရွန်းဟိုက်လန်းဖမ်းဆီးမှုတွင် ပူထရာဂျာယာ လူဝင်မှုကြီးကြပ်ရေးနှင့် အခြားသောပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနတို့က ပူးပေါင်းပြီး နိုင်ငံခြားသား ၁၈၈၆ ဦးတို့အား ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ညွှန်ကြားရေးမှုးချုပ် Datuk Zakaria Shaaban က တရားမဝင်နေထိုင်သူများကို ဆက်လက် ဖမ်းဆီးသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၁၇ ရက်ကလည်း မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ပေါ့ကလန်းတွင် မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံများမှ အထောက်အထား မပြည့်စုံသူ ၉၅ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြောင်းသိရသည်။