
AB News – နိုဝင်ဘာ ၂၁၊ ၂၀၂၅
အောင်ိစုး
ပလက်ဝမြို့နယ်တွင် အသက်မပြည့်သည့်ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း ဒေသခံများမှ သိရသည်။
ကျူးလွန်ခံရသည့် အမျိုးသမီးမှာ ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ဖြစ်ကြောင်း ဆိုသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာလ ၉ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်တွင် ကျေးရွာထဲ လမ်းလျှောက်နေစဥ် ရွာ၏ မြောက်ဘက်ခြမ်းတောစပ်အနီးတွင် ၃ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဆွေမျိုးများထံမှ သိရသည်။
ပြစ်မှုကျူးလွန်သည့် သံသယဖြင့် ဖမ်းဆီးထားသူမှာ မြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ထွန်းလှိုင် (ခေါ်) ဦးထွန်းလှိုင် ဖြစ်ကြောင်း သိရသည်။
၎င်းသည် ကျူးလွန်သည့်နေ့တွင် အဖမ်းမခံဘဲထွက်ပြေးလွတ်မြောက်နေကာ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အာရက္ခပြည်သူ့အစိုးရ၏ DLEPS တပ်ဖွဲ့ဝင်များမှ မြောက်ဦးမြို့နယ် ကျေးရွာတစ်ခုတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဓမ္မပြုကျင့်ကျူးလွန်သူကို အစိုးရတစ်ရပ်အနေဖြင့် တရားဥပဒေအရ ထိထိရောက် အရေးယူပေးစေလိုကြောင်း ပလက်ဝဒေသခံတစ်ဦးက ပြောသည်။
“ခုလို အသက်မပြည်သေးတဲ့ ကလေးငယ်တွေကို အဓမ္မပြုကျင့်တာက တော်တော်ဆိုးရွား၊ အောက်တန်းကျတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ DLEPS အနေနဲ့ ထိထိရောက်ရောက်အရေးယူစေချင်တယ်။ အမျိုးသမီးတွေ လုံခြံတဲ့ ရပ်ဝန်းတွေအဖြစ် အစိုးရအနေနဲ့ ဖန်းတီးပေးဖို့လိုတယ်” ဟု ဆိုသည်။
လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် သံသယတရားခံကို ရာဇသတ်ကြီးပုဒ်မ – ၃၇၆ အရ အာရက္ခပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) ဌာနမှ ဖမ်းဆီးစစ်ဆေးနေကြောင်း DLEPS နှင့် နီးစပ်သူများမှ သိရသည်။
ရက္ခိုင်တွင် အဓမ္မပြုကျင့်ကျူးလွန်သူများကို အာရက္ခပြည်သူ့အစိုးရမှ တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူများရှိနေသကဲ့သို့ အမှုမှန် မပေါ်ပေါက်သေးသည့် အဓမ္မပြုကျင့်မှုများလည်း ထိရောက်စွာတရားစီရင်ရန် ဒေသခံပြည်သူများမှ တောင်းဆိုထားသည်။