
AB News – အောက်တိုဘာ ၂၉၊ ၂၀၂၅
ဖြိုးဇော်
အာဖရိကတိုက်မြောက်ဘက်တွင်ရှိသော လစ်ဗျားနိုင်ငံအတွင်း ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၄ ဦးကို အောက်တိုဘာလ ၂၈ရက်နေ့တွင် လစ်ဗျားအစိုးရအဖွဲ့နှင့် International Organization For Migration (IOM)အဖွဲ့တို့ ပူးေပါင်းကူညီမှုဖြင့် နေရပ်ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့သည် လူကုန်ကူးသူများ၏ဦးဆောင်မှုဖြင့် မြေထဲပင်လယ်မှတဆင့် ဥရောပတိုက်အတွင်းသို့ ဝင်ရောက်ပြီး လစ်ဗျားနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ခိုးဝင်သူများအား Burak Air ၏အထူးအငှားလေယာဥ်ဖြင့် ပို့ဆောင်ခဲ့ပြီး အောက်တိုဘာလ ၂၈ရက်၊ နေ့လယ် ၂ နာရီ၊ ၃၀ မိနစ်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လယ်ပြည် လေဆိပ်ကို ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါခိုးဝင်သူများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နိုင်ငံခြားဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင် IOM အဖွဲ့၏တာဝန်ရှိသူများက ပြန်လည်ကြိုဆိုခဲ့ကြသည်။
IOM အဖွဲ့က ပြန်လာသူတစ်ဦးစီတိုင်းကို ခရီးစရိတ်၊ အခြေခံစားသောက်ကုန်၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
လစ်ဗျားနိုင်ငံသို့ ခိုးဝင်နေထိုင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား ပြန်လည်ပို့ဆောင်ခြင်းမှာ တစ်ပတ်အတွင်း ဒုတိအကြိမ်မြောက်ဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀၀ ကျော်ကို နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလအတွင်း လစ်ဗျားနိုင်ငံတွင် ခိုးဝင်နေထိုင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား နေရပ်ပြန်ပို့ခြင်းမှာ ၃ ကြိမ်ထိရှိလာပြီး စုစုပေါင်း ၇၇၉ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေထူထပ်မှုကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် တခြားသော ဥရောပဒေသများသို့ အခြေချနေထိုင်ရန် တရားမဝင်ခိုးဝင်လာခြင်းမှာ ယခင်ထက် ပိုမိုများပြားလာကြောင်း သိရသည်။