
AB News- ဇူလိုင် ၁၅၊ ၂၀၂၅
ဒေဝီ
ကျားဖောင် လိုက်သွားရာမှ အနှိပ်စက်ခံခဲ့ရသည့် ကျားဖောင်လုပ်သား ဦးခင်ဇော်အား ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် လှိုင်သာယာမှပရဟိတသမား ၁ ဦးက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ကျားဖောင်ပေါ်တွင် ရိုက်နှက် နှိပ်စက်ခံခဲ့ရသည့် ဦးခင်ဇော်သည် ပဲခူးတိုင်း၊ မင်းလှမြို့နယ်ဒေသခံ ၁ ဦးဖြစ်ပြီး အသက် ၄၅ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
၎င်းသည် ရန်ကုန်တွင် အလုပ်လုပ်ရမည်ဟု မက်လုံးအပေးခံရပြီးနောက် မွန်ပြည်နယ်၊ ရေးမြို့ပင်လယ်ပြင်ထဲက ကျားဖောင်ပေါ်သို့ လိမ်လည်ပို့ဆောင်ခံခဲ့ရကာ အလုပ်ခိုင်းစေ နှိပ်စက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ပင်လယ်ပြင်ထဲရှိ ကျားဖောင်တစ်ခုပေါ်တွင် အမျိုးသားတစ်ဦး နှိပ်စက်ခံရသည့် ရုပ်သံဖိုင်သည် ဇွန်လ ဒုတိယ အပတ်လောက်ကပျံ့နှံ့ခဲ့ပြီး ထိုလူမှာ ဦးခင်ဇော်ဖြစ်ကြောင်း သိရသည်။
ဦးခင်ဇော်သည် ရေးမြို့၊ ဇီးဖြူသောင်ရွာက ကျားဖောင်ရှိရာ အလုပ်များဆီ လိမ်လည်အခေါ်ခံခဲ့ရပြီး နှိပ်စက်ညှင်းပန်းခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် ကျားဖောင်ပေါ်တွင် ဖောင်ဦးစီးဖြစ်သူက ဦးခင်ဇော်ကို ဝါးလုံးကွဲသည်အထိ ရိုက်နှက်နှိပ်စက်ခဲ့ရာ လက်အကြောများပြတ်သွားခဲ့ပြီး လက်ဆစ်များလည်းကျိုးသွားခဲ့သည့်အပြင် သွားများကျိုးကာ နား ၂ ဖက်မှာလည်း မကြားရတော့ကြောင်း ဦးခင်ဇော်၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ရိုက်နှက်ခြင်းမှာ ဦးခင်ဇော် သည် နေမကောင်း၍ အလုပ်မလုပ်နိုင်သည်ကို အလုပ်ကောင်းကောင်းမလုပ်နိုင်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖောင်ဦးစီးဖြစ်သူ ဦးစိုးပိုင်က ဆဲဆိုရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးခင်ဇော်သည် ၂၀၂၄ ခုနှစ်က ကျားဖောင်သို့ လိမ်လ်ခေါ်ခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကျားဖောင်ပိုင်ရှင်သူဌေးဖြစ်သူ ဦးထွန်းနိုင်က မင်းလှရှိ နေအိမ်သို့ပြန်ပို့ပေးခဲ့ကာ ညှင်းပန်းနှိပ်စက်ခဲ့သည့် ဖျာပုံဒေသခံ ကျားဖောင်ဦးစီး ဦးစိုးပိုင်အား ကျားဖောင်ပိုင်ရှင်အပါအဝင် လုပ်ငန်းရှင်အချို့က အမှုဖွင့်ရန် လုပ်ဆောင်နေကြောင်း သိရသည်။