
AB News – မတ် ၁၆၊၂၀၂၅
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကာကင်းစခန်း အများစုကို အရက္ခတပ်တော်(AA) ပူးပေါင်းတပ်များက သိမ်းပိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင့် (AA) ပြောခွင့်ရ ဦးခိုင်သုခ မှ ယမန်နေ့ မတ်လ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။
“ ညောင်ကျိုးရွာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ကာကင်းစခန်း အများစုကိုတော့ ကျနော်တို့ရဲ့ ပူးပေါင်း တပ်ဖွဲ့တွေကတော့ သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ ကျန်တဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကလည်း ဟိုတစ်စု ဒီတစ်စု ကစဉ့်ကလျား ဆုတ်ခွာနေကြတာတွေ ရှိပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားသော နေရာအနီးပတ်ဝန်းကျင်များကို လေကြောင်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုင်းပြုလုပ်လျက်ရှိသည်ဟု ၄င်းက ပြောသည်။
ယင်းအပြင် ပန်းတောင်းမြို့နယ်၊ ပန်းကန်ကွဲကျေးရွာနှင့် ညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဆိုသည်။
အာရက္ခတပ်တော်သည် တောင်ကုတ်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ရခိုင်-ပဲခူးနယ်စပ် တောင်ကုတ်- ပန်းတောင်း လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေခြင်းပင် ဖြစ်သည်။
အာရက္ခတပ်တော် အပါအဝင် တော်လှန်ရေးအင်အားစုများသည် မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ တပ်စခန်း၊ တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်။
ရက္ခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် AAအနေဖြင့် လက်ကျန်မြို့နယ် ၃ ခုအနက် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မဟာမိတ်များနှင့်ပါ ပူးပေါင်း၍ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့တွင်လည်း စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။