
AB News-မတ် ၁၁၊ ၂၀၂၅
ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို ယနေ့ မတ်လ ၁၁ ရက် ၊နေ့လည်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်အချို့ ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၎င်းကျေးရွာအတွင်း နေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
“ဒီနေ့ နေ့လည် ၁ ခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး လာကြဲတာ။ နေအိမ်တချို့လည်း ပျက်စီးသွားတယ်” ဟု ဆိုသည်။
ထို့အပြင် စစ်တွေအခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၃၂) တပ်ရင်းက နံနက် ၁၁ နာရီဝန်းကျင်တွင် အတွဲလိုက် ဒုံးများဖြင့် ပုဏ္ဏားကျွန်းဖက်သို့ ပစ်ခတ်ခဲ့ရာ ဦးရာဇ်တောင်ဓာတ် စေတီတော် အနီး ဗုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော်က စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက် နေမှုကြောင့် ၎င်းအနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ် ပြုလုပ်လျက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင်လည်း အကြမ်းဖက် စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ် ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၃ ဦးသေဆုံးခဲ့ပြီး ၊ ၉ ဦး ပြင်းထန်ဒဏ် ရာရရှိခဲ့သည်။