AB News-အောက်တိုဘာ ၃၁၊ ၂၀၂၄
အမ်းမြို့နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးတွင်ရှိသည့် ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ယနေ့ ညနေ ၅ နာရီခန့်တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။
မီးရှို့ခံရသည့် ရွာ၂ ရွာမှာ ချင်းကုန်းနှင့် ပြောင်းချောင်းကျေးရွာတို့ ဖြစ်ကြပြီး ရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က AB News သို့ပြောသည်။
“ဒီကနေ့ ညနေ ၅ နာရီမှာ စစ်ကောင်စီတပ် ကရွာထဲဝင်ပြီး မီးရှို့သွားတာ။ အင်အား အလုံးအရင်းနဲ့ ဝင်ပြီးတော့ ကို မီးရှို့သွားတာပါ။ အပျက်အစီးအခြေအနေကတော့ သွားကြည့်မှ သိရမယ်။ ခုလည်း သွားလို့မရသေးဘူး။ တိုက်ပွဲက အဲဒီအနီးအနားတွေမှာရှိနေတယ်” ဟု ပြောသည်။
အမ်းမြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဝန်းကျင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား ၂ ဖက် တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ယနေ့ ညနေ ၇ နာကျော်အချိန်ထိ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း မြို့ခံ တစ်ဦးက ပြောသည်။
“လက်နက်ကြီးသံတွေက အနီးကနေကြားနေရတယ်။ ညဖက်ဆို ကျည်တွေ သွားနေတာကိုတောင်မြင်ရတယ်။ ခုလည်း (၇) နာရီဝန်းကျင်) လက်နက်ကြီးတွေပစ်နေတယ်။” ဟုပြောသည်။
အောက်တိုဘာလ ၂၉ ရက်နေ့က အမ်းမြို့ မြောက်ဖက်ရွာ အနီးရှိ ပူလောင်တောင်တွင် ၂ ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်က ဂျက်တိုက်လေယာဥ်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ကို တွေ့လိုက်ကြောင်း နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။