သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူ၊ တောင်ကုတ်နှင့် စနဲမြို့နယ်တို့တွင် စစ်ကောင်စီမှ ပြည်သူများကို အသိပေးခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုပြုလုပ်

ကျောက်ဖြူ၊ တောင်ကုတ်နှင့် စနဲမြို့နယ်တို့တွင် စစ်ကောင်စီမှ ပြည်သူများကို အသိပေးခြင်းမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုပြုလုပ်

ABN-ရှိုင်းမိုး

အောက်တိုဘာ ၄ရက်

ကျောက်ဖြူ၊ တောင်ကုတ်နှင့် စနဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်စွဲနေထိုင်သည့်နေရာမှ ပြည်သူများကို အသိပေးခြင်းမရှိဘဲ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟုသိရှိရသည်။

အောက်တိုဘာလ ၃ရက်နေ့ နံနက် ၈နာရီကျော်အချိန်က ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာမြစ်ထဲမှ စစ်ကောင်စီရေတပ်ရှိ နေဗီနံပတ် ၂၃မှ ပေါက်နက်ကြီးတောင်ပေါ်သို့ လက်နက်ကြီး လှမ်းပစ်သည်ဟုသိရှိရသည်။

အဆိုပါ လက်နက်ကြီးသည် ၃ချက်ပစ်ရာမှ ၂ချက်သာ တောင်ပေါ်သို့ရောက်ရှိပြီး၊ နောက်တစ်ချက်မှာ ရေထဲသို့ကျရောက်ပေါက်ကွဲခဲ့သည်ဟုသိရှိရသည်။

လက်နက်ကြီးများပစ်ခတ်မည့်အကြောင်းကို ပြည်သူများကိုအသိပေးခြင်းမရှိသောကြောင့် ​လက်နက်ကြီးပစ်သံကြားရသည့်အချိန်က စိုးရိမ်ကြောင်းကြစိတ်ရောက်ရှိခဲ့ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးကပြောသည်။

“လက်နက်ကြီးပစ်မယ်ဆိုပြီးပြောထားတာမရှိဘူး၊ အယင်တုန်းကဆိုရင် ပြောပါတယ်၊ သူတို့ကိုယ်တိုင်မပြောရင်တောင် အုပ်ချုပ်ရေးမှူးက တဆင့်ပြောပါတယ်၊ အခုမပြောထားပါဘူး၊ ဒါကြောင့် ပစ်သံကြားတဲ့အချိန်က ကြောက်လန့်သွားခဲ့တယ်၊ တိုက်ပွဲဖြစ်တာလားမသိဘူးဆိုပြီးကြောက်နေခဲ့ပါသေးတယ်” ဟုဆိုသည်။

အလားတူ တောင်ကုတ်မြို့ ၆မိုင်အကွာရှိ ခူးတိုက်နယ် သရဂူရွာဖက်တွင်စစ်ကောင်စီတပ်စွဲနေထိုင်သောတပ်စခန်းမှလည်း လက်နက်ကြီးများပစ်ခတ်သည်ဟု သိရှိရသည်။

ထိုသရဂူရွာနားတွင် တကျော့ပြန်တိုက်ပွဲကာလထဲက စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဖက်မှ စစ်သား ၆ဦးကျဆုံးခဲ့သည်ဟုသိရသည်။

အောက်တိုဘာလ ၂ရက်နေ့ကလည်း စနဲတိုက်နယ် တောင်မော်ဦးစစ်ကောင်စီတပ်စခန်းမှ နံနက်၈နာရီကျော်အချိန်မှ ညနေ ၁၀ အချိန်ထိလက်နက်ကြီးများပစ်ခတ်နေခဲ့သည်ဟုသိရှိရသည်။

အခုလို လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်နေခြင်းသည် တိုက်ပွဲကိုလိုလားစွာတောင်းဆိုနေသည်ကိုတွေ့မြင်နေရကြောင်း စနဲဒေသခံတစ်ဦးကပြောသည်။

” ဒါက တိုက်ပွဲခေါ်တာနဲ့တူတယ်၊ စစ်ကောင်စီက အကြောင်းမရှိဘဲ လက်နက်ကြီးများပစ်ခတ်နေတယ်၊ နောက်ပြီး အသိပေးထားတာမျိုးလည်းမရှိလည်း၊ သူတို့က ရန်စနေတာ” ဟုဆိုသည်။

စစ်ကောင်စီသည် ရခိုင်ပြည်တွင် တစ်နေ့ထက်တစ်နေ့ စစ်ရေးလှုပ်ရှားမှုများ ပိုမိုများပြားလာသည်ကိုတွေ့နေရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကချင်ပြည်ရှိ ခါယာတောင်မှ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် AA တပ် စခန်းတခုအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး AAမှ အရာရှိတစ်ဦး သေဆုံးပြီး၊ တပ်ဖွဲ့ ဝင်တချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့​သည်။

အဆိုပါ လက်နက်ကြီးကျရောက်၍ ပေါက်ကွဲမှုကို လိုအပ်သလိုလက်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်၏ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခမှ မီဒီယာများထံသို့ ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ