ရသေ့တောင်မြို့နယ် ဆေးအိုးကျကျေးရွာ၌ ယမန်နေ့ ဒီဇင်ဘာ ၁၄နေ့ နေ့လည်က အသက် ၇၅ နှစ်အဖွားအိုတစ်ဦး၏ နားမှ ရွှေနားကပ်ကို ဓားမဖြင့် ဖြတ်ယူပြီး အဖွားအိုအားလည်း ဓားမဖြင့်ခုတ်သတ်သွားခဲ့သည်ဟုသိရသည်။
အသတ်ခံရသူမှာ ရသေ့တောင်မြိုနယ် ဆေးအိုးကျကျေးရွာမှ ဒေါ်ကြာဇံဦး အသက် ၇၅ ဖြစ်ကြောင်း သိရသည်။
၎င်းအဖွားအိုမှာ သမီးဖြစ်သူ ကလေးအမေတစ်ဦးနှင့်အတူ ရွာအနီးရှိ ဥယျာဉ်တစ်ခုတွင်နေထိုင်ပြီး စိုက်ခင်းစိုက်ကာ စားသောက်နေသူများဖြစ်ကြောင်းသိရသည်။
အခင်းဖြစ်သည့်နေ့က သမီးဖြစ်သူ ကလေးအမေမှာ ရွာထဲသို့သွားနေချိန်ဖြစ်ပြီး နေအိမ်တွင် အဖွားအိုတစ်ယောက်တည်း ယာခင်းထဲတွင်ကျန်ရှိနေခဲ့ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးမှ ABNကိုပြောသည်။
“ဟုတ်ပါတယ် အသတ်ခံရတာကတော့ မနေ့က ညနေ ၃ နာရီ ၅မိနစ်လောက်ကဖြစ်ပါတယ်။ သူ့သမီး ကလေးအမေကလည်း ရွာထဲသွားနေတြ့အချိန်မှာ ခုတ်သတ်ပြီး နားကတ် လုယူသွားတာပါ၊ တရားခံ ဘယ်သူလဲဆိုတာကိုတော့မသိရပါသေး” ဟုပြောသည်။
အဆိုပါ အဖွားအို၏ ရုပ်အလောင်းကို ယနေ့ ညနေ့ ၄နာရီအချိန်တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။






