Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ၁ ပတ်အတွင်း အခြေခံစားသုံးကုန် ပစ္စည်းများစျေးမြင့်တက်၊ ပြည်သူများအခက်တွေ့နေ

ရခိုင်တွင် ၁ ပတ်အတွင်း အခြေခံစားသုံးကုန် ပစ္စည်းများစျေးမြင့်တက်၊ ပြည်သူများအခက်တွေ့နေ

ABN-ရှိုင်းမိုး

သြဂုတ် ၂၉ရက်

ရခိုင်ပြည် စစ်တွေမြို့တွင် ၁ ပတ်အတွင်း အခြေခံစားသုံးကုန်ပစ္စည်းများ စျေးမြင့်တက်လာသောကြောင်း ဒေသခံပြည်သူများမှာ စားဝတ်နေရေးအခက်အခဲဖြစ်လာမည်ကို စိုးရိမ်မှုမြင့်တက်လျက်ရှိ သည်။

၁ ပတ်အတွင်း စျေးမြင့်တက်လာသော ပစ္စည်းများမှာ စားသုံးဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုန့်တီခြောက်၊ လက်ဖက်ရည်ထုတ်နှင့်ခေါက်ဆွဲထုတ်များ စျေးမြင့်တတ်လာနေသည်ဟု ကုန်စုံဆိုင်ရှင်များထံမှသိရသည်။

ယခင်က စားသုံးဆီ ၁၀ ပိဿာဗူးကြီး ၁ဗူးကို ရှစ်သောင်းကျော်သာရှိပြီး၊ လက်ရှိတွင် တစ်သိန်း တစ်သောင်း ခြောက်ကျော်ရှိနေပြီး၊ စားသုံးဆီ ၅ လီတာဗူးမှာ ယခင်က နှစ်သောင်းခွဲသာရှိပြီး၊ လက်ရှိတွင် သုံးသောင်းသုံးထောင်ကျော် ရှိနေသည်ဟု ပုဏ္ဏားကျွန်းမှ ဆိုင်သည်တစ်ဦးကပြောသည်။

” စျေးက ၁ ပတ်အတွင်းတက်သွားတာ၊ အယင်တုန်းက စျေးတက်ရင်လည်း တစ်ထောင်၊ ငါးရာအဲလောက်ပဲတက်တယ်၊ အခုက ၁၀ ပိသာဗူးကြီးတွေဆိုရင် ၃သောင်းကျော်ထိတက်သွားတယ်၊ ချက်ချင်းကြီးဖြစ်သွားတာ၊ ဒါတောင်မှ စစ်တွေစျေးပဲရှိသေးတယ်” ဟု၎င်းကပြောသည်။

အလားတူ ယခင်က မုန့်တီခြောက်ထုတ်ငယ် ၅၀ ပါအိတ်ကြီး တစ်အိတ်ကို သုံးသောင်းကျော်ဝယ်ရပြီး၊ လက်ရှိတွင် လေးသောင်းနှစ်ထောင်ကျော်ရှိနေပြီးခေါက်ဆွဲထုတ်ငယ် ၅၀ပါ အိတ်ကြီး တစ်အိတ်ကို ယခင်က လေးသောင်းကိုးထောင်ရှိပြီး လက်ရှိတွင် ငါးသောင်းရှစ်ထောင်ရှိသည်ဟုသိရသည်။

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူလည်း စျေးမြင့်တတ်နေသည်ဟုသိရသည်။

ကြက်သွန်နီ ၁၀ပိဿာအိတ်ကြီး ၁ အိတ်ကို နှစ်သောင်းလေးထောင်ပေးဝယ်ခဲ့ရပြီး၊ လက်ရှိတွင် သုံးသောင်း သုံးထောင်ပေး ဝယ်ယူနေရသည်။

ထို့နည်းတူ ကြက်သွန်ဖြူ ၁၀ပိဿာအိတ်ကြီး ၁အိတ်ကို ခုနှစ်သောင်းရှစ်ထောင်ရှိခဲ့ပြီး လက်ရှိတွင် ကိုးသောင်းနှစ်ထောင်ရှိနေသည်ဟုသိရသည်။

လက်ရှိမြင့်တက်နေသော ကုန်စျေးနှုန်းမှာ စစ်တွေမြို့မှ ဝယ်ယူနေရသော​ပစ္စည်းများသာဖြစ်ပြီး ရွာတွင် ယခုပိုတိုး၍ ရောင်းချရကြောင်း အလယ်ချောင်းရွာမှ ဆိုင်သည်တစ်ဦးကပြောသည်။

“အခုစျေးနှုန်းတွေက ကျွန်မတို့ စစ်တွေက ဝယ်တဲ့စျေးပါ၊ ရွာမှာဆိုရင်မရပါဘူး၊ လမ်းစရိတ်တွေ ပစ္စည်းသယ်စရိတ်တွေနဲ့ ဆိုရင် ဒီထက်ပိုတိုးရပါတယ်” ဟုဆိုသည်။

၁ပတ်အတွင်း ချက်ချင်းကြီး ကုန်စျေးနှုန်းတက်သွားခြင်းက ဒေသခံများကို အခက်တွေ့အောင်လုပ်နေခြင်းဖြစ်သည်ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးကပြောသည်။

“ကျွန်မတို့မစားဘဲနေရမှာလား၊ ဒီတိုင်းဆိုရင် ဆီမထည့်ဘဲ ဟင်းချက်ရတော့မယ်၊ စျေးက တစ်ခုတက်တာမဟုတ်ဘူး၊ အကုန်လုံးက ချက်ချင်းကြီးတက်သွားတာ၊ အခုအချိန်က ထမင်းတောင်နပ်မမှန်တဲ့သူတွေရှိတယ်၊ ဆီမစားဘဲနေလို့မရဘူးလားဆိုရင် ရတယ်၊ ဒါပေမယ့် ထည့်သင့်တဲ့အရာမှာ ထည့်ရမယ်၊ စားတဲ့အစာက အဟာရမပြည့်ရင် ဘာမှမထူးဘူး၊ ပြည်သူတွေကို သတ်နေတာနဲ့တူတယ်” ဟုဆိုသည်။

လက်ရှိ ရခိုင်တွင် အခြေခံလူသုံးကုန်ပစ္စည်းသာမက ဟင်းသီး၊ ဟင်းရွက်၊ သား၊ ငါး၊ ပုစွန်များကအစ အကုန်လုံး စျေးတက်နေသည်ကိုတွေ့ရသည်။

နိုင်ငံအတွင်း ငွေကြေးတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေကျပ် ၂၀၀၀၀ တန်ထုတ်ပြီးနောက်ပိုင်းတွင် အခြေခံလူသုံးကုန်ပစ္စည်းများ ဈေးတက်သွားခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ဝေဖန်ပြောဆိုထားကြသည်။

ဓာတ်ပုံ-AB News/ရှိုင်းမိုး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ