Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
WFP က ရိက္ခာထောက်ပံ့မှုရပ်လိုက်သောကြောင့် ရက္ခိုင်မြောက်ပိုင်းမှ လူဦးရေ တစ်သိန်းကျော် ငတ်မွတ်မှုဘေး ကြုံနေရ

AB News ဧပြီ ၁၊ ၂၀၂၄

ရက္ခိုင်တွင် ယခုစစ်ဖြစ်နေသည့်ကာလအတွင်း စစ်ကောင်စီအဖွဲ့က ဆက်သွယ်ရေးလမ်းများကို ဖြတ်တောက်လိုက်ပြီးနောက် WFP က ရိက္ခာထောက်ပံ့မှုရပ်လိုက်သောကြောင့် ရက္ခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမှ လူဦးရေ ၁သိန်းကျော်မှာ ရိက္ခာပြတ်လပ်ပြီး ငတ်မွတ်မှုဘေး ကြုံနေရကြောင်း သိရှိရသည်။

ရက္ခိုင်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရက္ခိုင်၊ သက်၊ မြို၊ ဒိုင်းနက်၊ ခမီ၊ မရမာကြီး၊ မူဆလင်၊ ဟိန္ဒူနှင့် ကသည်း လူမျိုးတို့ နေထိုင်လျက်ရှိကြပြီး ၎င်းတို့မှာ World Food Programme (WFP) ကူညီထောက်ပံ့မှုအား မှီခိုအားထားကာ အသက်ရှင် ရပ်တည်နေကြရသူများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် လယ်ယာ၊ ကိုင်း၊ ကျွန်းများတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြပြီး အချို့မှာ မွေးမြူရေးလုပ်ငန်းများနှင့် တောတောင်များတွင် သစ်ခုတ်၊ ဝါးခုတ်ကာ အသက်မွေးကြသော်လည်း တိုက်ပွဲများကြောင့် ၎င်းအလုပ်များကိုလည်း လုပ်ကိုင် စားသောက်ရန် အဆင်မပြေကြောင်း ဒေသခံများက AB News သို့ပြောသည်။

ဒီက ရွာသားတွေဟာ ငါးရှာ၊ ဟင်းခူးပြီး စားသောက်နေကြသူတွေ များပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတော့ အပြင်ထွက်လို့ မရကြပါဘူး။ ရိက္ခာတွေလည်း ပြတ်လပ်နေကြပြီ။ ဒီလို ဆက်ဖြစ်နေရင်တော့ ရွာသားတွေ အငတ်ဘေးဒုက္ခနဲ့ ကြုံရတော့မှာပါ ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ ရက္ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ကုန်းကြောင်း၊ ရေကြောင်းလမ်းများကို ဖြတ်တောက်ခဲ့သည်။

WFP အဖွဲ့၏ ရိက္ခာထောက်ပံ့ရေး လုပ်ငန်းများ လုံးဝ ရပ်ဆိုင်းသွားခဲ့အပြင် အလုပ်အကိုင်မရှိသည့်အတွက် ထမင်းငတ်နေကြရကြောင်း မောင်တောမြို့နယ် တမန်းသားရွာမှ ဒေါ်ဘာလီကျာ က ပြောသည်။

တမန်းသားရွာကပါ။ စားဝတ်နေရေးအဆင်မပြေဘူး၊ အလုပ်အကိုင်လည်းမရှိဘူး။ သူများဆီမှာ အငှားလိုက်တယ်။ ရရင်တော့ စားရတယ်။ မရရင်တော့ ငတ်တဲ့အခါ ငတ်တာပေါ့။ ဒီဖက်တစ်ခွင်လုံးမှာကို စားဝတ်နေရေးအခက်ဖြစ်နေတာပါ။ အခက်အခဲတွေက အများကြီးပါ။ ထမင်းရရင် ဟင်းမရ၊ ဟင်းရရင် ထမင်းမရ ဟုပြောသည်။

မောင်တောခရိုင်ရှိ UN နှင့် INGO၊ NGO အဖွဲ့များသည် စစ်ကောင်စီက အရပ်သားပြည်သူများကို ဦးတည်ကာ မြို့၊ ရွာများကို လက်နက်ကြီးအပါအဝင် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်လာမှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရက္ခိုင်ပြည်မှ ထွက်ခွာသွားခဲ့ကြသည်။

မောင်တောခရိုင်မှ ထွက်ခွာသွားသည့် အဖွဲ့များမှာ UNHCR လက်အောက်ခံအဖွဲ့များဖြစ်ကြသော WFP၊ ACF၊ BAJ၊UNICEF၊ UNFPA၊ UNDP၊ IOM၊ Malteser ၊UNDSS ၊DRC၊ CFSI၊NRC၊CSI၊Word Vision တို့မှ နိုင်ငံခြားသားများနှင့် ဝန်ထမ်းများအားလုံးဖြစ်ကြကြောင်း သိရသည်။

အဆိုပါ အဖွဲ့အစည်းများ ထွက်သွားပြီးနောက် ထိုကျေးရွာများမှာ ရိက္ခာများနှင့် အခြားအကူအညီ ထောက်ပံ့မှုများ လုံးဝမရရှိတော့သည့်အတွက် လက်ရှိတွင် အငတ်ဘေး ကြုံနေရခြင်းဖြစ်ကြောင်း ရွာသားများ ပြောပြချက်အရ သိရသည်။

၎င်းအပြင် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ ၃၁ရွာနှင့် မောင်တောမြို့နယ်မှ ကျေးရွာ ၇၀ ကျော်တို့မှ လူဦးရေ ၃သောင်းကျော်မှာ ရိက္ခာများပြတ်လပ်ကာ အငတ်ဘေး ကြုံတွေ့နေရပြီး အရေးပေါ် အထောက်အပံ့များ လိုအပ်နေသည်ဟု မောင်တောမြို့နယ် အောင်သပြေရွာမှ ဒေသခံ ၁ဦးက ပြောသည်။

“ဒီက ရွာသားတွေဟာ တောင်ပေါ်မှာ သစ်ခုတ်၊ ဝါးခုတ်ပြီး စားသောက်နေကြတာ။ တိုက်ပွဲတွေ ဖြစ်နေတော့ အဲ့ဒီ အလုပ်တွေ လုပ်လို့ မရဘူး။ တိုက်ပွဲမဖြစ်တဲ့ အချိန်မှာတော့ WFP အဖွဲ့က ရိက္ခာတွေ ထောက်ပံ့တာတွေ ရှိတယ်။ အဲ့အဖွဲ့အစည်းကလည်း မပေးတော့ဘူး။ ရွာသားအချို့ ငတ်မွတ်နေကြပြီ” ဟု ဆိုသည်။

လက်ရှိအချိန်တွင် ဘူးသီးတောင်နှင့် မောင်တောမြို့များတွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် ဒေသခံရွာသားအချို့မှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မိသားစု စားဝတ်နေရေးနှင့် အသက်ရှင်သန်ရေးအတွက် တိုက်ပွဲဖြစ်ပွားနေသည့်ကြားမှ အသက်စွန့်ကာ သစ်ခုတ်၊ ဝါးခုတ် အလုပ်ကို လုပ်ကိုင်နေရကြောင်း ဘူးသီးတောင်မြို့နယ်၊ မင်းလှကိုင်းရွာမှ စစ်ရှောင် ၁ဦးက ပြောသည်။

“ရွာထဲကို လက်နက်ကြီးတွေ ကျတယ်။ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိတယ်။ အဲ့ဒါကြောင့် ကြောက်ရွံ့ပြီး စစ်ဘေးရှောင်လာကြတာ။ အခုတော့ စားစရာ ဘာမှ မရှိဘူး။ တိုက်ပွဲ ဖြစ်နေတဲ့ကြားက ဝါးခုတ်ပြီး မသေထမင်း၊ မသေဟင်းကို စားနေရတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်ရှိ ကျေးရွာများမှာ တိုက်ပွဲကာလအတွင်း အလုပ်အကိုင်များ ရှားပါးနေပြီး ယခင် ထောက်ပံ့နေသည့် အဖွဲ့အစည်းများမှ အကူအညီများ ရပ်တန့်သွားသောကြောင့် ရိက္ခာများပြတ်တောက်ကာ အသက်ရှင်သန်ရန်ခက်ခဲနေကြောင်း မောင်တောမြို့နယ် တရိန်းရွာမှ တာဝန်ရှိ ရွာသား ၁ဦးက ပြောသည်။

“အခုက သွားလာရေးလည်း အဆင်မပြေဘူး။ တစ်ရက်လုံး ဝါးခုတ်လို့ ရတဲ့ ပိုက်ဆံနဲ့ တစ်ရက်စာ စားသောက်ဖို့ အဆင်မပြေဘူး။ ကုန်းဈေးနှုန်းတွေက မြင့်နေတယ်။ အဖွဲ့အစည်းတွေကလည်း ဘာမှ အကူအညီ မရတော့ဘူး။ အခု ကျနော်တို့ ဒုက္ခအတိ ခံစားနေရတယ်” ဟု ဆိုသည်။

ရက္ခိုင်တွင် ၂၀၁၈မှ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲကာလအတွင်း ထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခသည် ၆၂၃၃၂ ခန့်ရှိပြီး ယခုတကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ၂၆၈၇၃၁ ခန့်အထိ ရှိလာကာ စုစုပေါင်းစစ်ဘေးဒုက္ခသည် ၃၃၁၀၆၇ ဦးအထိ ရှိလာကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ