Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ရဟတ်ယာဥ်နှင့် စစ်သုံးရေယာဥ်များကို အသုံးပြုပြီး စစ်ကောင်စီ ရိက္ခာပို့နေရ

ABN – ရှိုင်းမိုး

ရခိုင်တွင် စစ်ကောင်စီတပ်သည် ရဟတ်ယာဥ်များနှင့် စစ်သုံးရေယာဥ်များကို အသုံးပြုပြီး ၎င်းတို့ တပ်များရှိရာသို့ စားနပ်ရိက္ခာနှင့် တပ်သားများအား နေ့စဥ်ပို့နေရသည်ကို ABN သတင်းဌာန၏ လေ့လာစောင့်ကြည့်ချက်အရ တွေ့ရသည်။

စစ်‌ကောင်စီတပ်သည် ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် တကျော့ပြန် တိုက်ပွဲ ဖြစ်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရန် ယာယီအပစ်ရပ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့ နောက်ပိုင်းတွင် စစ်ကောင်စီက ရိက္ခာများ၊ စစ်အင်အားများ ပို့ရာတွင် ရဟတ်ယာဥ်နှင့် စစ်သုံးရေယာဥ်များကိုသာ အဓိက အသုံးပြုလာနေရသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်မှ စစ်တွေ-ပုဏ္ဏားကျွန်းကြားရှိ အဝေးပြေး ကမ်းလမ်းမတွင် ထိမ်းချုပ်နေရာများ ရရှိထားနိုင်ခဲ့ခြင်းနှင့် ရသေ့တောင် မြို့နယ် အငူမော် ဆိပ်ကမ်းမှ ဘူးသီးတောင်မြို့၊ မောင်တောမြို့များသို့ သွားလာသည့် အဝေးပြေးလမ်းမအား ထိမ်းချုပ်ထားခဲ့ခြင်းများကြောင့် စစ်ကောင်စီသည် ရိက္ခာနှင့် တပ်အင်အားများအား ပို့ရာတွင် ဝေဟင်နှင့် ရေကြောင်းကိုသာ အားထားနေရသည်ကို လေ့လာတွေ့ရှိရသည်။

ယနေ့ နံနက် ၇ နာရီကျော်ခန့် အချိန်တွင် စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ စစ်ကောင်စီ နေဗီ ၂ စီး၊ ရိက္ခာအပြည့်ဖြင့် မင်းပြားဖက်သို့ ထွက်လာခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ABN သို့ ပြောသည်။

“မနေ့ ညက သူတို့ ရိက္ခာဖြည့်တာမြင်လိုက်ပါတယ်၊ နေဗီ ၁ စီးမှာက လက်နက်ကြီး အပြည့်ပါ၊ တခြား ၁ စီးမှာတော့ ရိက္ခာတွေက စစ်လက်နက်တွေများပါတယ်၊ စားနဲ့ ရိက္ခာလည်းပါတယ်၊ စစ်သားကတော့ နေဗီ ၁ စင်းမှာ ၅၀ ကျော်လောက်ရှိဖိုထင်ပါတယ်၊ တခြား ပဲ နှင့် ဆန်တွေ ဖြည့်နေတာလည်း မြင်လိုက်ပါတယ် ဟုပြောသည်။

အလားတူ စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းမှ စစ်ကောင်စီ နေဗီ ၁ စီးပေါ်တွင် တေဗာကား ၄စီးအား တင်ကာ ကျောက်တော်မြို့တပ်ရင်းများဘက်သို့ ဦးတည်သွားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“မင်းပြားဖက်ကို ၂ စီး၊ ကျောက်တော်ဖက်ကို ၁ စီးထွက်သွားတာပါ၊ ရိက္ခာတွေက စစ်လက်နက်တွေများပါတယ်၊ တေဗာ ကားကြီး ၄ စီးပါသွားပါတယ်၊ ကားပေါ်မှာလည်း ရိက္ခာတွေအပြည့်ပါ၊ သံသေတ္တာတွေများပါတယ်” ဟုပြောသည်။

မနေ့က နံနက် ၉ နာရီခန့်အချိန်တွင်လည်း စစ်တွေ ခလရ ( ၂၀ ) မှ ဘူးသီးတောင်မြို့သို ရိက္ခာပို့ရန် လေယာဥ် ၁ စီး လက်နက်နှင့် ရိက္ခာသွားပို့ကြောင်း ခိုင်လုံသတင်းရင်းမြစ်အရ သိရသည်။

“ဘူးသီးတောင်နှင့် မောင်တောဖက်တွေကိုကျတော့ ထောက်ပို့လေယာဥ်နှင့် ရိက္ခာတွေသွားပို့ပါတယ်၊ တခါတလေကျတော့ ၃ စီးဆက်သွားပါတယ်၊ လေယာဥ်ပေါ်မှာ စစ်လက်နက်တွေ၊ ရိက္ခာတွေ၊ စစ်သားတွေလည်းပါတယ်” ဟုပြောသည်။

ဇန်နဝါရီလ ၁၆ ရက် ည ၆ နာရီအချိန်တွင်လည်း ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် ရေတပ်မှ နေဗီ ၃ စီး၊ နေဗီ ၁ စီး စီတွင် စစ်တပ်သုံးကား ၅၀ ကျော်ပါရှိပြီး စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

“အဲဒီ နေဗီ ၃ စင်း အဲလောက်ကြီးတဲ့နေဗီကို အခုမှ မြင်ဖူးသေးတယ်၊ နေဗီ ၁ စင်းမှာ စစ်ကား ၅၀ ကျော်လောက်ရှိနိုင်ပါတယ်၊ နေဗီ ၃ စင်းပေါင်း စစ်ကား ၂၀၀ ကျော်နိုင်တယ်၊ စစ်ကားတွေထဲမှာလည်း ရိက္ခာတွေအပြည့်ပါပဲ ဟုပြောသည်။

စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှ ဇန်နဝါရီလ ၁၀၊ ၁၁၊ ၁၃ ရက်နေ့တို့တွင်လည်း ကျောက်တော်၊ မင်းပြားမြို့များဖက်သို့ ရိက္ခာနှင့်စစ်သားများ ပို့ခဲ့သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ