Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မာန်အောင်တွင် စက်သုံးဆီပြတ်လပ်နေပြီး ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်သွားမည်ကို ဒေသခံများစိုးရိမ်

မာန်အောင်တွင် စက်သုံးဆီပြတ်လပ်နေပြီး ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်သွားမည်ကို ဒေသခံများစိုးရိမ်

AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မာန်အောင်မြို့တွင် စက်သုံးဆီပြတ်လပ်နေပြီး ပြည်သူများအသုံးပြုနေရသည့် ဆက်သွယ်ရေး တာဝါတိုင်များ လိုင်းပြတ်တောက်သွားနိုင်သည်ဟု မာန်အောင် ဒေသခံတစ်ဦးက AB News သို့ သတင်းပေးပို့လာသည်။

စစ်ကောင်စီမှ ကုန်းလမ်း၊ ရေလမ်းကို ပိတ်ပင်ထားသည့်အတွက် စက်သုံးဆီများပြတ်လပ်နေပြီး လက်ရှိတွင်လည်း ဖုန်းဆက်သွယ်ရေးပိုင်းတွင် မကြာခဏလိုင်းပြတ်တောက်မှုရှိနေကြောင်း စုံစမ်း သိရှိရသည်။

ထိုမြို့မှ ပြည်သူများသည် ပစ္စည်းများ ဝယ်ယူရန် ရန်ကုန် ( သို့မဟုတ်) တောင်ကုတ်မြို့သို့ သွားရပြီး လက်ရှိတွင် လမ်းများပိတ်ထားသည့်အတွက်ကြောင့် အခြေခံနေ့စဥ်လူသုံးကုန်ပစ္စည်းများ ပြတ်တောက်နေပြီး အင်တာနက်လိုင်းပါပြတ်တောက်လာနိုင်ကြောင်း မာန်အောင် ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ကျနော်တို့ဆီက ပစ္စည်းတစ်ခုခုဝယ်မယ်ဆိုရင် ရန်ကုန်နဲ့ တောင်ကုတ်ကိုသွားရပါတယ်။ ဆက်သွယ်ရေလမ်းတွေ ပိတ်ထားတော့ ဘာမှယူလို့မရဘူး။ စက်သုံးဆီတွေပြတ်နေတယ်။ တာဝါတိုင်တွေလည်း လိုင်းပြတ်တောက်တာတွေ ရှိနေတယ်” ဟု ဆိုသည်။

အင်တာနက်လိုင်းသည် စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာ ရုံးတစ်ချို့တွင် ကောင်းကောင်းရရှိနိုင်သော်လည်း အနီးအနားရှိရွာများတွင် လိုင်းပြတ်တောက်နေသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် ၎င်းမြို့ရှိ တာဝါတိုင်များအတွက် စက်သုံးဆီ ၅ ရက်ခန့်သာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရသည့်အတွက် ဒေသခံပြည်သူများ ဖုန်း၊ အင်တာနက်ဆက်သွယ်ရေး အခက်တွေ့နိုင်ကြောင်း တွေ့ရှိရသည်။

မာန်အောင်မြို့နယ်ရှိ ကျေးရွာအချို့တွင် ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့မှ စပြီး ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တောက်နေကြောင်း သိရသည်။

မာန်အောင်မြို့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းမတိုက်ခတ်မီ မေလ ၁၄ ရက်နေ့အထိ ဆိုလာမီးရရှိခဲ့သော်လည်း မုန်တိုင်းကြောင့် ဆိုလာစနစ် ပျက်စီးသွားသည့်အတွက် စက်သုံးဆီသုံးစက်ဖြင့် လျပ်စစ်မီး ဖြန့်ဝေနေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ