Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗမာပြည်ဖက်သို့ ဆန်တင်ပို့မှုများသောကြောင့် ရခိုင်တွင် ဆန်စျေးမြင့်တတ်လာနေ

ဗမာပြည်ဖက်သို့ ဆန်တင်ပို့မှုများသောကြောင့် ရခိုင်တွင် ဆန်စျေးမြင့်တတ်လာနေ

ABN- ရှိုင်းမိုး

ရခိုင်မှ ဆန်များကို ဗမာပြည်မဖက်သို့ တင်ပို့မှုများသောကြောင့် လက်ရှိ ရခိုင်တွင် ဆန်စျေးနှုန်း မြင့်တတ်လျက်ရှိနေသည်ဟု ဆန်စက်ပိုင်ရှင်များနှင့် စီးပွားရေလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် စပါး‌စျေးမှာ ‌ပေါ်ဆန်းမွှေး စပါး ၁၀၀ လျှင် ငွေကျပ် ၈သိန်းနီးပါးရှိပြီး၊ ဆန် တစ်အိတ်လျှင် ၇ သောင်းမှ ၈ သောင်းကြားရှိနေသည်ဟု သိရသည်။

ဆန်စျေးမြင့်တတ်နေသည်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အစပိုင်းကစတင် မြင့်တတ်လာခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အတွင်းပိုင်းလောက်က ပေါ်ဆန်းမွှေး စပါး ၁၀၀ ကို ၅ သိန်းကျော် ၆သိန်းနီးပါးလောက်သာရှိခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာမှ ဆန်စက်ပိုင်ရှင် ဦးစိုးနိုင်က ပြောသည်။

“ စပါးစျေးတတ်တာ မကြာသေးပါဘူး၊ ၂လပိုင်းလောက်ကတတ်တာပါ၊ ၂၀၂၂ ဒီဇင်ဘာလ ပိုင်းကတော့ ရွှေဘို (ပေါ်ဆန်းမွှေး) စပါး ၁၀၀ ကို ၅သိန်း ၆သိန်းကြားဘဲရှိပါသေးတယ်၊ ကျွန်တော်အခု ရွှေဘိုစပါး ဝယ်စျေးက ၁၀၀ ကို ၈ သိန်းနီပါးရှိပါတယ်၊ ကျွန်တော် ဆန်ထိုးပြီးရောင်းပါတယ်၊ ဆန်တစ်အိတ်ကို ၇သောင်းနှင့် ၈သောင်းကြားရောင်းရပါတယ်” ဟု ပြောသည်။

လက်ရှိစပါးစျေး မြင့်တတ်နေသည်မှာ ဗမာပြည်ဖက်သို့ တင်ပို့ရောင်းချခြင်းများနေခြင်းကြောင့်ဖြစ်ကြောင်း စစ်တွေမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ကြီးက ABNကို ပြောသည်။

“ကျွန်တော်သိသလောက် စစ်တွေဆိပ်ကမ်းကနေပြီးတော့ ဘင်္ဂလာဖက်ကို တန်ချိန် ၂၅၀၀ ကျော်ပို့ခဲ့ပြီး၊ ရန်ကုန်၊ မန္တလေး၊ တရုတ်နယ်စပ် အဲဖက်ကိုလည်း တန်ချိန် ၅သိန်းကနေပြီး ၆သိန်း ၇သိန်းလောက်ထိရှိနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်ဆီမှာတော့ စရင်းအတိကျမရှိပါဘူး” ဟု ဆက်ပြောသည်။

ဗမာပြည်ဖက်သို့ ဆန်တင်ပို့မှုများခြင်းကြောင့်အပြင် ရခိုင်တွင် ယခုနှစ် စပါးစိုက်ပျိုးသည့် မိုးရာသီက မိုးရေနည်းပါးခြင်း၊ မိုးရေချိန် မမှန်ခြင်းများကြောင့် လယ်ယာပျက်စီးခြင်းနှင့် တိုက်ပွဲများကြောင့် လယ်ရိုက်သိမ်းနိုင်ခြင်း မရှိခဲ့ခြင်းများကြောင့်လည်း ဆန်ဈေးမြင့်တက်လာခြင်း ဖြစ်နိုင်ကြောင်း ဆက်ပြောသည်။

“ပြီးတော့ ဒီနှစ်လယ်သမားတွေလည်း တိုက်ပွဲကြောင့် စပါးအပြည့်ဝမရိုက်သိမ်းနိုင်တာတွေ၊ နောက်ပြီးတော့ မြေသြဇာအသုံးပြုတာလည်း လုံလုံလောက်လောက် အသုံးမပြုနိုင်ကြလို့ စပါးအထွက်နည်းတာတွေလည်းရှိနိုင်တယ်၊ စျေးတတ်တာက အဲဒါတွေကြောင့်လည်းပါနိုင်တယ်၊ မြေသြဇာစရိုက်တွေ၊ စပါးရိုက်သိမ်းမှုတွေကြောင့်လည်း စျေးတတ်တာဖြစ်နိုင်တယ်” ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၂ ခုနှစ်က ဆိုင်ကလုန်းမုန်းတိုင်း တိုက်ခိုက်သောကြောင့် လယ်သမားများ စပါးပျက်စီးမှုများခဲ့ပြီး စပါးအထွက်နှုန်းနည်းကြောင်း မင်းပြားမြို့နယ်က လယ်သမားတစ်ဦးကပြောသည်။

“ စပါးက ပထမတော့ဖြစ်ပါတယ်၊ မုန်းတိုင်းကြောင့်စပါးအပျက်စီးတွေများသွားပါတယ်၊ ကျန်တဲ့စပါးကိုလည်း သေချာမရိုက်သိမ်းရပါဘူး၊ ဗမာစစ်သားတွေလာရိုက်ကြလို့လည်း ကျွန်တော်မှာ ဆုံးရှုံးမှုပိုများသွားပါတယ်” ဟုပြောသည်။

ရခိုင်တွင် ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတပ်တို နှစ်ဖက်တိုက်ပွဲ အခြေအနေကြောင့်နှင့် ရာသီဥတုဆိုးဝါးခဲ့ခြင်းများကြောင့် လယ်ဧက ၂ သိန်းကျော် ပျက်စီးခဲ့ရပြီး စပါးအထွက်နှုန်း ၅၀% နီးပါး ကျဆင်းသွားခဲ့ရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ