Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ဘေးရှောင်များ အလုပ်အကိုင်ရရှိရေးနှင့် ပြည်ပထုတ်ကုန်များအား လျှော့ချနိုင်ရန် ကြိမ်ဖြင့်ပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများ မြတန်ဆောင်းဖောင်းဒေးရှင်းက ထုတ်လုပ်ဖြန့်ချီနေ

ABN -ဟိန်းထွန်း

ဇူလိုင် ၂၀ ရက်

ရခိုင်ပြည် မြောက်ဦးမြို့ရှိ မြတန်ဆောင်းဖောင်ဒေးရှင်းမှ စစ်ဘေးရှောင်များ အလုပ်အကိုင်ရရှိရေးနှင့် ပြည်ပထုတ်ကုန်များအား လျှော့ချနိုင်ရန် ကြိမ်ဖြင့်ရက်လုပ်သည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို မြို့နယ်အချို့တွင်ထုတ်လုပ်ဖြန့်ချီလျက်ရှိနေကြောင်း သိရသည်။

ကြိမ်ထည်များကို တတ်ကျွမ်းသည့် စစ်ဘေးရှောင် များဖြင့်ပြုလုပ်နေလျက်ရှိပြီး ရခိုင်ပြည်အတွက်လည်း ဗိသုကာလက်ရာများကိုပြန်လည်ထိန်းသိမ်းခြင်းဖြစ်ကြောင်းသိရသည်။

ယခုလို ထုတ်လုပ်ရခြင်းရည်ရွယ်ချက်မှာ ပြည်ပသွင်းကုန်ကုန်များကို လျှော့ချနိုင်ရန်နှင့် စစ်ဘေးရှောင်များ အလုပ်အကိုင်ရရှိနိုင်ရေးနှင့် ဝင်ငွေရရှိစေရေးအတွက် ပြုလုပ်နေခြင်းဖြစ်ကြောင်း မြတန်ဆောင်းဖောင်ဒေးရှင်း၏ ထုတ်လုပ်ရေးနှင့် ဖြန့်ချီရေးတာဝန်ခံက ABN သို့ပြောသည်။

“အခုလိုထုတ်လုပ်ရတာက ကျနော်တို့တိုင်းပြည်က အသုံးပြုဖို့လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ကျနော်တို့ကိုယ်တိုင် ထုတ်လုပ်နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ စစ်ဘေးရှောင်တွေ အလုပ်အကိုင်တွေ၊ ဝင်ငွေတွေ ရရှိအောင် ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ဖြန့်ချီနေတာ ဖြစ်ပါတယ် ” ဟု တာဝန်ခံက ပြောသည်။

ကုန်ထုတ်လုပ်ငန်း ရက်လုပ်ရာတွင် ကြိမ်တစ်ခုတည်းသာအဓိက အသုံးပြုထားပြီး မှန်ကိုလည်း အနည်းငယ်ထည့်ထားကြောင်းတွေ့ရသည်။ ကြိမ်ဖြင့်ရက်လုပ်ထားသည့် ကြိမ်စားပွဲအမျိုးမျိုး၊ ကြိမ်ကုလားထိုင်အမျိုးမျိုး၊ ၊ ကြိမ်ဗီဒိုအမျိုးမျိုးများကို ပြုလုပ်လျက်ရှိပြီး နောက်ထပ်လည်း ဘုရားတွင် ရေချမ်းမီးများ ကပ်လှူပူဇော်နိုင်ရန် ကြိမ်ပန်းကန်များ အစရှိသည့် ကုန်ပစ္စည်များကိုထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့တိုင်းပြည်က ထုတ်ကုန်များကို မိမိတို့နည်းပညာဖြင့်ထုတ်လုပ်နိုင်လာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိသည်သာမက တိုင်းပြည်အတွင်းလိုအပ်နေသည့် ပစ္စည်းများကို ပြုလုပ်ပေးခြင်း၊ စစ်ဘေးရှောင်များ၏ ဝင်ငွေများကို ရှာဖွယ်နိုင်လာ ခြင်းနှင့် ရခိုင့်အနုပညာလက်ရာများကို မပျောက်မပျက်ရအောင် ထိန်းသိမ်းကာကွယ်ခြင်းလည်းဖြစ်ကြောင်း တာဝန်ခံမှ ဆက်၍ပြောသည်။

“ကိုယ့်တိုင်းပြည်က ထုတ်ကုန်တွေကို ကိုယ်ပိုင်နည်းပညာနဲ့ထုတ်လုပ်လာနိုင်လို့ အရမ်းဝမ်းမြောက်မိပါတယ်၊ တန်ဖိုးရှိတဲ့လူလို့လည်း ယုံကြည်မှုပိုတိုးလာပါတယ်၊ စားဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်နေရတဲ့စစ်​ဘေးရှောင်တွေရဲ့ ဝင်ငွေတွေကို ရှာဖွေလို့လည်းရတော့ ဂုဏ်ယူမိပါတယ်၊ နောက်ပြီး ရခိုင်လူမျိုးတွေရဲ့ အနုပညာလက်ရာတွေကို မပျောက်မပျက်ရအောင် လုပ်ပေးနိုင်တဲ့ဖောင်ဒေးရှင်းဖြစ်တဲ့အတွက် လေးလေးနက်နက်နဲ့တန်ဖိုးထားပါတယ် “ဟု ဆိုသည်။

ရခိုင်တွင် ယခင်က ကြိမ်ဖြင့်ရက်လုပ်ထားသည့် လူအသုံးအဆောင်များကို အသုံးပြုခဲ့သော်လည်း ရခိုင်ပြည်သူများဆင်းရဲ ကျပ်တည်းလာချိန်တွင် တရုတ်နိုင်ငံမှထုတ်လုတ်လာသော ပလပ်စတစ်ဖြင့်ပြုလုပ်သည့် ပစ္စည်းအများအပြားသည် ကြိမ်နေရာ၌ အစားထိုးဝင်ရောက်လာခဲ့ကာ ရခိုင်ပြည်တွင် ရောင်းအားကောင်းလာခြင်းဖြစ်ကြောင်း၊ ကြိမ်ကုလားထိုင်များသည် နှစ်ပေါင်းကြာရှည်စွာခံသောကြောင့် စျေးနှုန်းများကြီးမားလာခဲ့ရာ ဝယ်ယူသုံးစွဲသူနည်းပါးလာခြင်း၊ ပလပ်စတစ်ပစ္စည်းများမှာ စျေးနှုန်းချိုသာစွာဖြင့်လွယ်ကူစွာရနိုင်သည့်အတွက် တရုတ်လူမျိုးများသည် ၎င်းအခွင့်အရေးများကိုအမိအရဆုပ်ကိုင်ပြီး ဖြန့်ဖြူးရောင်းချလာသည့်အတွက်ရခိုင်တို့၏ အနုပညာလက်ရာများ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည်။ ကြိမ်လုပ်ငန်းများမပျောက် မပျက်ရအောင်အတွက် ပြန်လည်ပြီး အစားထိုးလုပ်ကိုင်နေကြသည်ဟု ၎င်းထံမှသိရသည်။

လက်ရှိတွင် ကြိမ်ထည်တစ်မျိုးစီကို အကြီးစား၊ အလတ်စား၊ အသေးစား ဖြင့် ကြိမ်ကုလားထိုင်၊ ကြိမ်စားပွဲ ၊ ကြိမ်ဗီရိုများကို စစ်တွေ၊ မြောက်ဦးနှင့် အခြားမြို့တို့တွင်ထုတ်လုပ်ဖြန့်ချီပြီးဖြစ်သည်။

နောက်ထပ်လည်း ကြိမ်ခြင်းတောင်းများ နှင့် ကြိမ်ပန်းကန်များအစရှိသည့် လူအသုံးအဆောင်အများအပြားကို ရောင်းချနိုင်ရန် တစိုက်မတ်မတ်လုပ်ဆောင်လျက်ရှိကြောင်း မြတန်ဆောင်းဖောင်ဒေးရှင်း၏ ထုတ်လုပ်ရေးနှင့် ဖြန့်ချီရေးတာဝန် ခံထံမှ သိရသည်။

မြတန်ဆောင်းဖောင်ဒေးရှင်းသည် စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ကူညီကယ်ဆေးရေးများ၊ ရခိုင်ပြည်က လူငယ်များကို အင်္ဂလိပ်စာ နှင့် ကွန်ပျူတာသင်ကြားရေးများ၊ နိုင်ငံရေးအကျဥ်းသားများကို ကူညီစောင့်ရှောက်ရေးများ နှင့် လူမျိုး၊ ဘာသာမတူသည့် ကြားတွင် ပိုပြီးသဟဇာတဖြစ်နိုင်ရေးတို့ကို ပြုလုပ်နေသည့် ဖောင်ဒေးရှင်းတစ်ခုဖြစ်သည်ကို တွေ့ရသည်။

ဓာတ်ပုံ-ABN/မြတန်ဆောင်းဖောင်ဒေးရှင်းမှ ရက်လုပ်ထားသည့် ကြိမ်ထည်ပစ္စည်းများ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ