
AB News – ဒီဇင်ဘာ ၁ ၊ ၂၀၂၅
ဆိုဖီ
ထိုင်းနိုင်ငံတွင် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအတွက် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက် နေ့များတွင် လက်ခံပေးမည် ဖြစ်ကြောင်း ဘန်ကောက်မြို့ ရှိ မြန်မာ့သံရုံးက ဒီဇင်ဘာ ၁ ရက်နေ့တွင့် တရားဝင်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင်း ၂၀၂၅ ခုနှစ်၊ ဒီစင်ဘာလ ၂၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအား အာဏာသိမ်း အကြမ်းဖက် စစ်ကော်မရှင်က ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံ သံရုံးများတွင် ကြိုတင် ဆန္ဒမဲ ပေးနိုင်သည်ဟု အသိပီးထုတ်ပြန်ထားသည်။
အဆိုပါ ရွေးကောက်ပွဲအား မဲပေးရန် ဒီစင်ဘာ ၆ ရက်နှင့် ၇ ရက် တို့တွင် နံနက် ၉ နာရီမှ ည နေ ၄ နာရီအထိ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ကိုယ်တိုင်လာရောက် မဲပေးရန် ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ မဲပေးရာ၌ လူကိုယ်တိုင်လာရောက်ပြီး ကြိုတင် ဆန္ဒမဲပေးနိုင်ကြောင်းနှင့် မဲပေးရာတွင် မိမိတို့၏ နိုင်ငံသား စိစစ်ရေးကတ် မူရင်း/ မိတ္တူ နှင့် နိုင်ငံကူး လက်မှတ်မူရင်း ယူဆောင်လာကြရန် ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ ရွေးကောက်ပွဲအား ထိုင်းရောက် မြန်မာနိုင်ငံသား တစ်ဦးမှ ”ရွေးကောက်ပွဲ စိတ်မဝင်စားတော့ ဘယ်ရက်တွေ မဲသွားပေးမယ်လို့လည်းမသိဘူး။ ကျွန်မတို့ မဲပေးဖို့ စိတ်ကူးလည်းမရှိဘူး။ မဲလည်း လုံးဝ သွားမပေးပါဘူး” ဟု ပြောသည်။
ပြည်တွင်းတွင်လည်း အကြမ်းဖက် စစ်ကော်မရှင်သည် ၎င်းတို့ ထိမ်းချုပ်ထားသော နယ်မြေများတွင် ရွေးကောက်ပွဲ ဝါဒဖြန့် ဇတ်ကားများဖြင့် မဲဆွယ်ရန် စည်းရုံးနေပြီး တစ်ဖက်တွင် ဝေဖန်သူများအား ဖမ်းဆီးထောင်ချခြင်းများကို ပြုလုပ်လျှက်ရှိသည်။
ယခုကဲ့သို့ စစ်ခေါင်းဆောင် မင်းအောင်လိူင် ပြုလုပ်မည့် အလိမ်အညာ ရွေးကောက်ပွဲအား နိုင်ငံတကာက ရှုတ်ချနေသော်လည်း ၎င်းမှာ ပြည်သူများအား ဖိအားပေးကာ ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်နေခြင်းသည် ပြည်သူ့မဲပေးခွင့် အခွင့်အရေးကို ထိခိုက်စေသည်။