နိဒါန်း
ဤသတင်းအစီရင်ခံစာတွင် လက်ရှိ ရခိုင်ပြည်တွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများ ရင်ဆိုင်နေကြရသော အခက်အခဲများနှင့် လိုအပ်ချက်များကို ထင်ဟပ်စေအောင် စစ်ဘေးရှောင်အများဆုံးနှင့် လတ်တလော တိုက်ပွဲ ဖြစ်ပွားနေသော မြို့နယ် ၄ မြို့နယ်မှ စစ်ဘေးရှောင်စခန်းများကို လက်လှမ်းမှီသလောက် မေးမြန်းစုံစမ်းပြီး Arakan Bay News ဝိုင်းတော်သားများက ဖော်ပြပေးလိုက်ရပါသည်။
-တွေ့ရှိချက်များ
၁. လတ်တလော တိုက်ပွဲများနှင့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရပ်ရွာများဖက်သို့ ဦးတည် ပစ်ခတ်နေခြင်းကြောင့် စစ်ဘေးရှောင်ဦးရေ တိုးလာနေသည်။
၂. စစ်ကောင်စီတပ်မှ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများက စစ်ဘေးရှောင်စခန်းများအား ရိက္ခာထောက်ပံ့မှုများကို ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် စားနပ်ရိက္ခာနှင့် လူနေအိမ် အဆောင်များ ဖူလုံမှုမရှိသည့် အခြေအနေဖြင့် စစ်ဘေးရှောင်များမှာ အခက်အခဲ အကြပ်အတည်းများဖြင့် ရင်ဆိုင်နေကြရသည်။
၃. ရခိုင်ပြည်တွင်းသို့ ဆေးနှင့် ဆေးဝါးအထောက်အကူပစ္စည်းများအား တင်သွင်းခြင်းကို စစ်ကောင်စီမှ တင်းကြပ်စွာ ပိတ်ပင်ထားသောကြောင့် စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးများပြတ်လပ်ကာ ကျန်းမာရေးဆိုင်ရာ အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။
၄. ယခုအခါ ဆောင်းဦးကာလ ဖြစ်သည်နှင့်အမျှ အသစ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ အနွေးထည်များနှင့် စောင်များ လိုအပ်လျက်ရှိသည်။
၅. စစ်ကောင်စီတပ်များသည် စစ်ဘေးရှောင်စခန်းများသို့ မကြာခဏ ရှောင်တခွင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေသောကြောင့် စစ်ဘေးရှောင်များအား အမျိုးမျိုးစွပ်စွဲကာ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြရသည်။
၆. စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ပြစ်မှု ပြစ်ဒဏ်များဖြင့် စစ်ကောင်စီတပ်မှ ဖိအားပေးလျက်ရှိနေသည်။
-ကျောက်တော်မြို့နယ်ရှိ စစ်ဘးရှောင်စခန်းများ အခြေအနေ
ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၁၇ ခုရှိသည့်အနက် စစ်ဘေးရှောင်အများဆုံးထဲမှ တစ်ခုဖြစ်သည့် မဟာမုနိစစ်ဘေးရှောင်စခန်းကို စစ်ဘေးရှောင်စခန်းများ၏ ကိုယ်စား မေးမြန်းထားသည်။
ကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်းမှာ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်မှစတင်ကာ ဖွင့်လှစ်ခဲ့သော စခန်းတစ်ခုဖြစ်သည်။ လက်ရှိအချိန် အောက်တိုဘာလ ၂၀၂၂ ခုနှစ်ထိ စစ်ဘေးရှောင်အရေအတွက်မှာ အိမ်ထောင်စု ၃၅၀ စုရှိပြီး လူဦးရေ အရေအတွက် ၁၆၅၆ ဦးရှိသည် ဟု မဟာမုနိစစ်ဘေးရှောင်စခန်း တာဝန်ခံက ABN သို့ ပြောသည်။
မဟာမုနိစစ်ဘေးရှောင်စခန်းတွင် စက်တင်ဘာလက မီးလောင်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အရပ်ဘက်ပရဟိတ အသင်းများမှ ရိက္ခာထောက်ပံ့မှု ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ရိက္ခာထောက်ပံ့မှု နည်းပါးလာကာ လာမည့် နိုဝင်ဘာလတွင် စားနပ်ရိက္ခာအခက်အခဲများ ရှိလာနိုင်သည်ဟု သိရသည်။
“ရိက္ခာကွေက ကုန်တော့မယ်၊ နောက်လအထိတောင် မခံတော့ဘူး၊ လူကယ်ပြန်ကလည်းထောက်ပံမှုမရှိတာ ၇ လလောက်ရှိပြီ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေကိုလည်း စကစ က တားမြစ်ထားတယ်၊ စားနပ်ရိက္ခာထောက်ပံ့မှုတွေ လိုအပ်နေတယ်၊ နောက်လလည်း အထောက်အပံ့တွေမရဘူးဆိုရင် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်” ဟု စခန်းတာဝန်ခံ ဦးသန်းထွန်းက ပြောသည်။
ထို့အပြင် ရခိုင်ပြည်တွင်းသို့ စစ်ကောင်စီမှ ဆေးဝါးတင်သွင်းမှုများကို ကန့်သတ်ပိတ်ပင်ထားမှုတို့ကြောင့် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ဆေးဝါးပြတ်လပ်ကာ ဆေးကုသမှုများ၌ အခက်အခဲများ ရှိနေကြောင်း ပြောသည်။
“ဆေးဝါးကုသမှုကတော့ အဆင်မပြေဘူး၊ လှူတန်းထားတဲ့ ဆေးတွေကလည်း မလောက်တော့ဘူးလေ၊ ဆေးဝါးကုသမှုတွေ အမြန်ဆုံးပြန်ရချင်တယ်၊ ကျမတို့မှာ ခေါင်းကိုက်လို့တောင် သောက်ဖို့ ဆေးမရှိတော့ဘူး” ဟု ဆိုသည်။
-မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများခြေအနေ
မြောက်ဦးမြိုနယ်ရှိ စစ်ဘေးရှောင်စခန်းများဖြစ်သော တိမ်ညို၊ ဝက်လှ၊ ရွာသစ်ကေ၊ ပြင်လှ၊ ကုလားချောင်းနှင့် တခြားစစ်ဘေးရှောင်စခန်းများတွင်လည်း ရိက္ခာလောက်ငှမှုများမရှိသည့်အတွက် စားဝတ်နေရေး အခက်အခဲရှိနေကြောင်း သိရသည်။
စစ်ကောင်စီမှ စားနပ်ရိက္ခာထောက်ပံမှုများကို ပိတ်ပင်ထားသည့်အတွက် စစ်ဘေးရှောင်များမှာ စခန်းပြင်ထွက်ပြီး နေ့စားအလုပ် ရှာဖွေ လုပ်ကိုင်သော်လည်း ပုံမှန် ဝင်ငွေမရရှိ၍ ထမင်းစားဖို့ပင် လုံလောက်မှုမရှိကြောင်း သိရသည်။
” ထောက်ပံမှုတွေ ပြန်ရချင်တယ်၊ အလုပ်အကိုင်ကလည်းရှားတယ်၊ ကုန်စျေးနှုန်းတွေကလည်း အရင်ကထက်မြင့်တက်နေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
မြောက်ဦးမြို့ရှိ မြတန်ဆောင်းစစ်ဘေးရှောင်းစခန်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့က စစ်ကောင်စီတပ်သားများစခန်းတဝိုက်ကို ဝိုင်းရံထားခဲ့ပြီး စခန်းတွင်းသို့ ဝင်ရောက် စုံစမ်း ရှာဖွေမှုပြုလုပ်ခဲ့ပြီး တိမ်ညိုစစ်ဘေးရှောင်စခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိနစ်ခန့်မျှကြာ ဝင်ရောက်စစ်ဆေးမှုများရှိခဲ့သည်။
-ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ အခြေအနေ
ရသေ့တောင်မြို့နယ်၊ မယူကမ်း – အငူမော် ဒေသတွင်း စစ်ဘေးရှောင်စခန်းများ ဖြစ်သော သစ်ကတိုး၊ ရန်အောင်ပြင်၊ စျေးကုန်တန်းနှင့် နော်ဝေ စစ်ရှောင်စခန်းများတွင်လည်း ဆေးဝါးနှင့် စားနပ်ရိက္ခာများ ထောက်ပံ့မှု လိုအပ်လျက်ရှိသည်။
ဆောင်းရာသီရောက်လာပြီဖြစ်သောကြောင့် အသစ်ရောက်လာသော စစ်ဘေးရှောင်များနှင့် ရှိနှင့်ပြီး စစ်ဘေးရှောင်များအတွက် အနွေးထည်များနှင့် စောင်များလိုအပ်လျက်ရှိကြောင်း စခန်းတာဝန်ခံက ပြောသည်။
” ဆောင်းကလည်း ဝင်လာပြီ၊ အနွေးထည်တို့ စောင်တို့ကလည်း မလောက်ဘူး၊ စောင်တွေကလည်း အရမ်းပါးတယ်၊ အအေးဒဏ် မကာနိုင်ဘူး၊ အသစ်ရောက်လာတဲ့ စစ်ဘေးရှောင်တွေမှာဆို ဘာမှကိုမရှိသေးဘူး” ဟု စခန်းတာဝန်ခံ ဦးလုံးမောင်က ABN သတင်းဌာနကို ပြောသည်။
၎င်းအပြင် တခြားသော စစ်ဘေးရှောင်စခန်းများနည်းတူ ရိက္ခာပြတ်လပ်မှု၊ ဆေးဝါးပြတ်လပ်မှုတို့နှင့် ရင်ဆိုင်နေကြရသည်။
ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၃၈ ခုရှိပြီး စစ်ဘေးရှောင်ဦးရေစုစုပေါင်း ၁၀၆၀၀ ကျော်ရှိသည် အောက်တိုဘာလဆန်းက ရက္ခိုင့်တပ်တော်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
-ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ အခြေအနေ
ဘူးသီးတောင် မြိုနယ်တွင် ရန်အောင်မြေ၊ လမ်းမကျောင်း၊ မြတောင်နှင့် ဂန္ဓာရီ ဟူ၍ စစ်ဘေးရှောင်စခန်း ၄ ခုရှိပြီး စစ်ရှောင်အရေအတွက်မှာ ၄၂၀၀၀ ကျော်ရှိနေပြီး စားနပ်ရိက္ခာအခက်အခဲနှင့် ဆေးဝါးအခက်အခဲအပြင် စစ်ကောင်စီတပ်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှတဆင့် စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် ဖိအားပေးမှုတို့ကို ခံနေကြရသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ၂၀၂၀ ခုနှစ်အစောပိုင်းကာလမှစကာ နှစ်ဖက် နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့သည့်အချိန်ကာလက စစ်ဘေးရှောင် စခန်းတချို့မှ စစ်ရှောင်အချို့မှာ နေရပ်ပြန်သွားကြသော်လည်း အများစုမှာ နေရပ်မပြန်ရဲသေးဘဲစစ်ဘေးရှောင်စခန်းများတွင် ဆက်လက် နေထိုင်နေကြသည်။
ကျောက်တော်မဟာမုနိ စစ်ရှောင်စခန်းနှင့် မြောက်ဦးမြို့ မြို့သစ် စစ်ရှောင်စခန်းမှ စစ်ဘေး ဒုက္ခသည်များကို ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍ နေရပ်ပြန်ရန် စကစ က ဖိအားပေးလျက်ရှိနေသည်။
“သူတို့က အောက်တိုဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး ပြန်ရမယ်လို့ပြောတယ်၊ မပြန်ဘူးဆိုရင်လည်း ဘာထောက်ပံ့မှုမှ နောက်ထပ်မပေးတော့ဘူးလို ပြောတယ်” ဟု မြို့သစ်စစ်ရှောင်စခန်းတွင် နေထိုင်သူတစ်ဦး ABN ကို ပြောသည်။
စစ်ဘေးရှောင်များ အနေဖြင့် မိမိနေရပ် ပြန်ချင်နေကြသော်လည်း မိမိတို့၏ လယ်ယာမြေများနှင့် ကျေးရွာများအနီးတွင် မြေမြှုပ်မိုင်းများ မရှင်းလင်းရသေးမှုများကြောင့် နေရပ် မပြန်ရဲကြဘဲ ဖြစ်နေကြခြင်းဖြစ်သည်။
“လယ်တွေ၊ယာတွေလည်း ဘာမှမလုပ်လိုက်ရဘူး၊ ပြန်သွားရင်တောင် စားစရာ ဆန်မရှိဘူး” ဟု အမည်မဖော်လိုသည့် စစ်ရှောင်တစ်ဦးကဆိုသည်။
ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ကြား နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခုနှစ် ၂၀၂၂ ခုနှစ်အထိ ကျောက်တော်၊မြောက်ဦး၊ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်တို့တွင် စစ်ဘေးရှောင်ဦးရေ ၂ သိန်းကျော်ရှိခဲ့သည်။
အောက်တိုဘာလဆန်းပိုင်းက ကောက်ခံရရှိထားသော စာရင်းအချက်အလက်များအရ ရခိုင်ရှိမြို့နယ် ၁၁ မြို့နယ်နှင့် ပလက်ဝ ဒေသတို့တွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၈၂၄၁၉ ဦးရှိပြီး ယခုလကုန်ထိ စစ်ဘေးရှောင်စစ်ဘေးရှောင်စခန်းများ၏ အသစ်တိုး အရေအတွက်အတိအကျကိုမူ မရရှိသေးပေ။
ယခုလတိုက်ပွဲများပြင်းထန်နေသည့် ရသေ့တောင်မြိုနယ်တွင် စစ်ဘေးရှောင် အရေအတွက် ၅၀၀၀ ဦးထိ တိုးလာပြီး စစ်ရှောင်စခန်းရောက် အရေအတွက်မှာ ၂၀၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း စာရင်းအရ သိရသည်။
ရခိုင်ပြည် စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၆ ကျောင်းတွင်လည်း အောက်တိုဘာလ ၁ ရက်နေ့ စစ်တမ်းအရ စစ်ဘေးရှောင် အရေအတွက် ၂၀၀၀ ကျော်တိုအမ်းမြိုနယ်တွင်းလာကာ လက်ရှိတွင် စစ်ဘေးရှောင် ၈၀၀၀ ကျော်ထိရှိနေကြောင်း သိရသည်။
မြောက်ဦးစစ်ဘေးရှောင် စခန်းများတွင်လည်း အောက်တိုဘာလ ၁ ရက်နေ့စစ်တမ်းအရ ၁၉၁၇၈ ဦး ရှိခဲ့ပြီး လက်ရှိတွင် ၂၁၀၀၀ ဦးထိ တိုးလာခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တိုက်ပွဲများပြင်းထန်ခဲ့သောကြောင့် စစ်ဘေးရှောင် အရေအတွက်မှာ ယခင်က ၁၈၂၉ ဦးရှိခဲ့ပြီး၂၀၀၀ ကျော်ထိတိုးလာကာ လက်ရှိတွင် စစ်ရှောင်အရေအတွက်မှာ ၄၀၀၀ ကျော်ထိ သိသိသာသာတိုးလာကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြိုနယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့မှုတို့ကြောင့် ရသေ့တောင်မြို့နယ် မှ ပုဏ္ဏားကျွန်း မြို့နယ်သို့ ခြေလျှင်ဖြင့် ရောက်လာသူများရှိသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပုဏ္ဏားကျွန်းမြိုနယ်တွင် ယခင်က စစ်ရှောင်အရေအတွက်မှာ ၂၆၀၈ ဦး ရှိခဲ့ပြီး လက်ရှိအရေအတွက်ကို စုံစမ်းနေဆဲ ဖြစ်သည်။
ရခိုင်ပြည်တွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေတွင် ရှိနေသောကြောင့် စစ်ဘေးရှောင်အရေအတွက်များမှာလည်း ဆက်လက် မြင့်တက်လာဖွယ်ရှိနေသည်။