AB News – မေ ၆၊ ၂၀၂၆
အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူပြည်နယ်တွင် ကျင်းပလျက်ရှိသော ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ၏ မဲရေတွက်မှု ရလဒ်များအရ ရုပ်ရှင်မင်းသား C. Joseph Vijay ဦးဆောင်သည့် (TVK) ပါတီသည် အမတ်နေရာအများဆုံး ရရှိနိုင်သည့် ပါတီအဖြစ် ရှေ့ပြေးနေကြောင်း သိရသည်။
လက်ရှိအခြေအနေအရ TVK ပါတီသည် အမတ်နေရာ ၉၆ နေရာတွင် အနိုင်ရရှိထားပြီး နောက်ထပ် ၁၁ နေရာတွင်လည်း ဦးဆောင်နေကာ အခြားပါတီကြီးများဖြစ်သည့် Dravida Munnetra Kazhagam(DMK) နှင့် All India Anna Dravida Munnetra Kazhagam (AIADMK) တို့ကို ဖိအားပေးနိုင်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
TVK ပါတီ၏ ရလဒ်များသည် အံ့အားသင့်ဖွယ်ဖြစ်နေသဖြင့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်း ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။
Tamil Nadu ပြည်နယ်ရှိ လွှတ်တော်မဲဆန္ဒနယ် ၂၃၄ ခုလုံးတွင် TVK ပါတီက မဟာမိတ်မပါဘဲ တစ်ကိုယ်တော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုရွေးကောက်ပွဲမှာ TVK၊ DMK နှင့် Bharatiya Janata Party (BJP) တို့အကြား ပြိုင်ဆိုင်မှုပြင်းထန်သော သုံးပွင့်ဆိုင် ယှဉ်ပြိုင်မှုတစ်ခုဖြစ်လာခဲ့သည်။
တစ်ဖက်တွင် TVKနှင့် BJP တို့ ပူးပေါင်းမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း TVK ပါတီဘက်က ထိုသတင်းများကို ပြတ်သားစွာ ငြင်းဆိုထားသည်။
ထို့အပြင် အချို့ပါတီများက ဗီဂျေးအား ပြည်နယ်ဝန်ကြီးချုပ်ရာထူးနှင့် လွှတ်တော်အမတ်နေရာ ၅၀ ရာခိုင်နှုန်းအထိ ကမ်းလှမ်းခဲ့သော်လည်း ဗီဂျေးက လက်မခံခဲ့ကြောင်း ပါတီအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။
အသက် ၅၁ နှစ်ရှိ ဗီဂျေးသည် တမီးလ်ရုပ်ရှင်လောကတွင် ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် နိုင်ငံရေးပါတီတည်ထောင်ခဲ့သည်။ ယခင်နှစ် စက်တင်ဘာ ၂၇ ရက်က သူ၏ မဲဆွယ်စည်းရုံးပွဲအတွင်း လူတိုးကြိတ်မှုဖြစ်ပွားကာ လူ ၄၀ သေဆုံးခဲ့သည့်အတွက် ပါတီအဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရသည်။
ယခုရွေးကောက်ပွဲရလဒ်များသည် တမီးလ်နာဒူနိုင်ငံရေးပုံစံကို ပြောင်းလဲစေနိုင်သည့် အရေးကြီးအချက်အချာတစ်ခုအဖြစ် သုံးသပ်ခံထားရသည်။

