
AB News - ဧပြီ ၁၁၊ ၂၀၂၆
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒုက္ခသည်စခန်း၌ နေထိုင်သည့် ARSA အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး ခြေထောက်ပြတ်ထွက်သွားကာ စိုးရိမ်ရသည့်ဒဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အုခီယား (Ukhia) နယ်စပ်ရှိ BGB တပ်ရင်း (၆၄) လက်အောက်ခံနယ်မြေနှင့် ထိစပ်နေသော မြန်မာနိုင်ငံဘက်ခြမ်း “နာရိကယ်လ်ဘာဂန်” (Narikel Bagan) ဧရိယာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါနေရာသည် မာစတာကာသီ (Master Kathi) ကင်းစခန်း၏ မြောက်ဘက် မီတာ ၂၅၀ ခန့်အကွာတွင် တည်ရှိသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူမှာ အုခီယား မူဆလင်ဒုက္ခသည်စခန်း (၁၀)၊ ဘလော့ခ် F/13 တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ARSA အဖွဲ့ဝင် Md. Sadek ဖြစ်သည်။
၎င်းသည် မိုင်း ပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပြီး ခန္ဓာကိုယ်တွင်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သဖြင့် ကော့စ်ဘဇားရှိ ဆာဒါးဆေးရုံသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
နယ်စပ်ဒေသအတွင်း ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ဒေသခံများအကြား ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိပြီး သက်ဆိုင်ရာ သတင်းရင်းမြစ်များ၏ အဆိုအရ နယ်စပ်တစ်လျှောက်တွင် မြေမြှုပ်မိုင်းအန္တရာယ်များ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။