သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုကို သည်းခံမည်မဟုတ်ကြောင်း ကူမင်တန်ဥက္ကဋ္ဌကို တရုတ်သမ္မတ သတိပေး



‎AB News- ​ဧပြီ ၁၁၊ ၂၀၂၆

‎​တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ထိုင်ဝမ်၏ အကြီးဆုံးအတိုက်အခံပါတီဖြစ်သော ကူမင်တန် (KMT) ဥက္ကဋ္ဌ ချန်လီဝန်နှင့် ပေကျင်းမြို့၌ တွေ့ဆုံစဉ် ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းမှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည်ဖြစ်ကြောင်းနှင့် လုံးဝသည်းခံမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
‎​
‎ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့က ​ပေကျင်းမြို့တွင် ပြုလုပ်သည့် တွေ့ဆုံပွဲ၌ ရှီကျင့်ဖျင်က ထိုင်ဝမ်လွတ်လပ်ရေး လှုပ်ရှားမှုများသည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖျက်ဆီးနေသည့် အဓိကတရားခံဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

‎ထို့ပြင် တရုတ်နှင့် ထိုင်ဝမ် နှစ်ဖက်စလုံးသည် တရုတ်လူမျိုးစု မိသားစုဝင်များသာ ဖြစ်ကြသဖြင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် လက်တွဲလုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

‎ကူမင်တန်(​KMT) ဥက္ကဋ္ဌ ချန်လီဝန်၏ ယခုခရီးစဉ်သည် တရုတ်နှင့် ထိုင်ဝမ်အကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်ပေါ်လာသည့် “ငြိမ်းချမ်းရေးခရီးစဉ်” လည်း ဖြစ်သည်။

‎တွေ့ဆုံပွဲတွင် ချန်လီဝန်က ထိုင်ဝမ်ရေလက်ကြားကို ပြင်ပနိုင်ငံများ၏ “စစ်တုရင်ကစားကွင်း” တစ်ခုအဖြစ် အသုံးချခံရမည်ကို မလိုလားကြောင်းနှင့် ငြိမ်းချမ်းသော ဆက်ဆံရေး တည်ဆောက်ရန်သာ ဆန္ဒရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

‎​ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်ပြည်သူများကသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး တရုတ်အနေဖြင့် အတိုက်အခံပါတီနှင့်သာမက ဒီမိုကရတိုက် ရွေးကောက်ထားသည့် တရားဝင်အစိုးရနှင့်သာ တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ထိုင်ဝမ်အစိုးရက ရှီကျင့်ဖျင် ၏ ပြောကြားချက်အပေါ် တုန့်ပြန်ခဲ့သည်။

‎​တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စုကလည်း တရုတ်အနေဖြင့် ထိုင်ဝမ်အပေါ် စစ်ရေးနှင့် စီးပွားရေးအရ ဖိအားပေးနေမှုများကို ရပ်တန့်ရန်နှင့် ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ဖြေရှင်းရန် တိုက်တွန်းပြောကြားထားသည်။

‎​ယခုတွေ့ဆုံမှုသည် ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးတင်းမာမှုများ စံချိန်တင်မြင့်တက်နေချိန်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။

‎တရုတ်အစိုးရသည် ထိုင်ဝမ်အစိုးရကို ကျော်လွန်၍ အတိုက်အခံပါတီနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းဖြင့် ထိုင်ဝမ်ပြည်တွင်း နိုင်ငံရေးအပေါ် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ