AB News – ဇွန် ၁၁၊၂၀၂၆
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရီဆာ လာဇာရို(Maria Theresa Lazaro ) သည် မြန်မာ့အရေးကို ဖြေရှင်းနိုင်ရန်အတွက် လာမည့်ရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့် တွေ့ဆုံသွားရန် အစီအစဉ်ရှိကြောင်း တိုကျိုမြို့တွင် ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့က ကျင်းပသည့် နစ်ကေး(Nikkei)ဖိုရမ်အတွင်း ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
“လက်ရှိမြန်မာပြည်ရဲ့ အခြေအနေမှန်တွေကို သိရှိဖို့နဲ့ သူတို့ဘက်က ဘယ်လိုမျိုး အမှန်တကယ် ကူညီပေးနိုင်မလဲဆိုတာကို ရှာဖွေဖို့အတွက် အခုလိုမျိုး တွေ့ဆုံဖို့ ရည်ရွယ်တာဖြစ်တယ်” ဟု လာဇာရို က ဆိုထားသည်။
မည်သူနှင့် တွေ့ဆုံမည်၊ မည်သည့်နေရာတွင် တွေ့ဆုံပွဲကို ကျင်းပမည်ဆိုသည်ကို လာဇာရိုက အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။ “ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ” ဟုလည်း လာဇာရိုက ထပ်လောင်းပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကလည်း ဝန်ကြီး လာဇာရိုကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်ကော်မရှင်တပ်မှ အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ပူးပေါင်းမဟာမိတ်အဖွဲ့ ပါဝင်သော ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပြီး ယနေ့တိုင် ပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရခြင်း ဖြစ်သည်။
ယင်းနောက် စစ်ကော်မရှင်၏ ခေါင်းဆောင်ပိုင်းများကို အာဆီယံထိပ်သီးအစည်းအဝေးတွင် တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီလပိုင်းမှစ၍ အာဆီယံဘက်က ပြန်လည်ထိတွေ့ဆက်ဆံဖို့ နည်းလမ်းများ ရှာဖွေနေသကဲ့သို့ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ကလည်း အာဆီယံနှင့် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်။
ယင်းအပြင် ဖိလစ်ပိုင်နိုင်ငံအနေနှင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မြန်မာ့အရေးဖြေရှင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အပြား ပါဝင်သော သက်ဆိုင်သူများအကြား တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို မနီလာမြို့မှာ ခေါ်ယူကျင်းပခဲ့ဖူးကြောင်း ဆိုထားသည်။



