သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗင်နီဇွဲလားနိုင်ငံတွင် ငလျင်ပြင်းလှုပ်ခတ်မှုကြောင့် အနည်းဆုံး ၃၂ ဦး သေဆုံး၊ ၇၀၀ ခန့် ဒဏ်ရာရ

AB News – ဇွန် ၂၅၊ ၂၀၂၆

ဗင်နီဇွဲလားနိုင်ငံ၊ မြို့တော် ကာရာကပ်စ် အပါအဝင် ဒေသအချို့တွင် ယနေ့ ဇွန်လ ၂၅ ရက် မနက်အစောပိုင်းက ပြင်းထန်သော ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၃၂ ဦး သေဆုံးပြီး ၇၀၀ ဦးခန့် ဒဏ်ရာရရှိကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။

ငလျင်ကြောင့် မြို့တော်ရှိ အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ပြီး ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ရန် အာဏာပိုင်များက အပြင်းအထန် ကြိုးပမ်းနေကြောင်း သိရသည်။

ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) က လက်ရှိတွင် အသက်ကယ်တင်ရေးသာ အဓိကဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့ပြီး နေအိမ်ဆုံးရှုံးခဲ့ရသူများအတွက် ခိုလှုံရာစခန်းများနှင့် ဟိုတယ်များကို စီစဉ်ပေးထားကြောင်း ဆိုသည်။

ထို့အပြင် မရှိမဖြစ်လိုအပ်သော အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများမှလွဲ၍ အခြားလုပ်ငန်းများနှင့် သင်တန်းအားလုံးကို ဆိုင်းငံ့ထားကြောင်း သိရသည်။
လက်ရှိတွင် အမေရိကန်၊ မက္ကဆီကို၊ ဒိုမီနီကန်နှင့် အယ်လ်ဆာဗေဒိုနိုင်ငံတို့မှ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ ဗင်နီဇွဲလားသို့ လာရောက်ကူညီရန် ပြင်ဆင်နေကြောင်း သိရသည်။

အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ၏ PAGER စနစ်ဖြင့် ကနဦးတွက်ချက်မှုများအရ ယခုငလျင်ကြောင့် လူအသက်ဆုံးရှုံးနိုင်ခြေမှာ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားပြီး၊ ယခုဖြစ်ရပ်ကို တစ်နှစ်လျှင် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်သာ ထုတ်ပြန်လေ့ရှိသည့် အနီရောင်အဆင့် သတိပေးချက် (Red Alert) အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါခန့်မှန်းချက်သည် အတိတ်က ငလျင်အချက်အလက်များ၊ မြေပြင်တုန်ခါမှုနှင့် လူဦးရေအပေါ် အခြေခံထားခြင်းဖြစ်ပြီး အဆောက်အအုံများ၏ ခိုင်ခံ့မှုနှင့် ငလျင်လှုပ်ခတ်သည့်အချိန် (လူများ အိပ်ပျော်နေချိန် ဖြစ်/မဖြစ်) စသည့်အချက်များအပေါ် မူတည်၍ သေဆုံးဒဏ်ရာရမှု အရေအတွက်မှာ ထပ်မံပြောင်းလဲသွားနိုင်ကြောင်း USGS က ထုတ်ပြန်ထားသည်။

Photo – Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်