ABN-ရာဟု
သြဂုတ် ၅ ရက်
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင်းရှိ နေအိမ်နှင့် ထမင်းဆိုင်ဖျက်ဆီးခံရကာ ပုဒ်မ ၉(၁)နှင့် အမှုဖွင့်တရားစွဲဆိုခံထားရသည့် ရမ်းဗြဲ ဒေသခံ ၂ ဦးကို တတိယအကြိမ် ရုံးထုတ်ရာ တရားလိုပြသက်သေကို စစ်ဆေးခဲ့ပြီး တရားရုံးက ရုံချိန်း ထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။
ရမ်းဗြဲမြို့နယ်တရားရုံးတွင် ဇူလိုင်လ ၂၁ရက်နေ့ က ပထမဆုံးအကြိမ် နှင့်ဇူလိုင်လ ၂၆ရက်နေ့တွင်ဒုတိယအကြိမ် တရားရုံးက ခေါ်ယူခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးခြင်းများပြုလုပ်ခြင်းမရှိဘဲ တတိယအကြိမ်ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးမှုပြုလုပ်ကာ ထပ်မံရုံးချိန်းလိုက်သည်ဟု ဦးအောင်လွှင်၏ သားကပြောသည်။
“ပထမအကြိမ်နဲ့ဒုတိယအကြိမ်က မစစ်ဆေးဘဲ ရက်ချိန်းဘဲပေးလိုက်တာ၊ ခုတတိယအကြိမ်မှာတော့ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးတယ်။ ထပ်ရုံးချိန်းလိုက်တာပါ ” ဟု ဦးအောင်လွှင်သား ကိုပြည်ငြိမ်းလွှင်က ABN သို့ပြောသည်။
တရားစွဲဆိုခံရသူ ၂ဦးမှာ ဦးအောင်လွှင် အသက်၅၇ နှစ်နှင့် ၄င်း၏ညီဖြစ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား အသက် ၄၀နှစ်တို့ဖြစ်ပြီး မြို့တွင်းရှိ အချက်အချာကျသည့် အမှတ်(၃)ရပ်ကွက်၊ စောမဲကြည်အ လမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ရဝ ကျော်ရှိသည့် ၎င်းပိုင်အိမ်ကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ရဲအပါအဝင် ဌာနဆိုင်ရာ ၅ခုမှ လူအင်အား ၁ဝဝ ခန့်က အင်အားသုံးဖြိုဖျက်ခဲ့ခြင်းဖြစ်ကာ ၎င်းနှင့်အတူ ညီဖြစ်သူကိုပါ ဖမ်းဆီးခဲ့သည်။
လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုလုပ်ပြီး အစိုးရအိမ်ရာဥပစာနှင်ထုတ်ခြင်းအက်ဥပဒေပုဒ်မ ၉(၁)ဖြင့် ရမ်းဗြဲမြို့မရဲစခန်းတွင်ဇူလိုင်လ ၄ရက်နေ့က အမှုဖွင့်ခဲ့သည်။
ပုဒ်မ ၉(၁)မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ၁သိန်းမှ ၅သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ တပြိုင်းနက်တည်း ချမှတ်ခံရနိုင်သည်ဟု သိရသည်။
ဦးအောင်လွှင်မှာ အစာအိမ်ရောဂါဝေဒနာအခံရှိပြီး ၎င်း၏ညီ ဦးမောင်သန်းဌေး(ခ)မောင်ပွားမှာ စိတ်ပုံမှန်မဟုတ်သည့်အခြေအနေများဖြစ်နေသဖြင့် ဆေးဝါးကုသရန် ဆရာဝန်ထောက်ခံချက် လက်မှတ်ဖြင့် ဇူလိုင်လ ၁၇ ရက်မှစတင်ကာ မြို့မရဲစခန်းအချုပ်ခန်းအတွင်းမှ လွှတ်ပေးခြင်းခံထားရသည်။
ဦးအောင်လွှင်မိသားစုမှာ နေအိမ်အသိမ်းခံလိုက်ရသဖြင့် ဆွေမျိုးများနေအိမ်တွင် ကပ်နေရသလို ဦးအောင်လွှင်မှာလည်းကျန်းမာရေးမကောင်းသဖြင့် အခက်အခဲများဖြစ်လျှက်ရှိနေသည်ဟု မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။