သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အီရန်စစ်ပွဲ “မကြာမီ” ပြီးဆုံးတော့မည်ဟု သမ္မတထရမ့် ပြောကြားပြီးနောက် လာမည့်သီတင်းပတ်အတွင်း အပြင်းအထန် တိုက်ခိုက်မည်ဟု ထပ်မံသတိပေး

AB News – ဧပြီ ၂၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယမန်နေ့ ဧပြီ ၁ ရက်နေ့ ညပိုင်းအချိန်တွင် အိမ်ဖြူတော်မှ နေ၍ နိုင်ငံသို့ မိန့်ခွန်းပြောကြားရာတွင် အီရန်နိုင်ငံ၌ ဆင်နွှဲနေသည့် စစ်ဆင်ရေးများသည် “မကြာမီ” အတွင်း ပြီးဆုံးတော့မည်ဖြစ်ကြောင်းနှင့် အမေရိကန်တပ်ဖွဲ့များသည် စစ်မြေပြင်တွင် အပြတ်အသတ် အောင်ပွဲရရှိနေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သို့သော် စစ်ပွဲမည်သည့်အချိန်တွင် အတိအကျ ပြီးဆုံးမည်ဟူသော အချိန်ဇယားကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

၁၉ မိနစ်ကြာ ပြောကြားခဲ့သော အဆိုပါမိန့်ခွန်းတွင် ထရမ့်က လာမည့် ၂ ပတ်မှ ၃ ပတ်အတွင်း အီရန်ကို “အလွန်ပြင်းထန်စွာ” ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုသည်။

အကယ်၍ အီရန်ခေါင်းဆောင်များအနေဖြင့် သဘောတူညီချက်တစ်ရပ် မရယူနိုင်ပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများအားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်မည်ဖြစ်ပြီး ရေနံထုတ်လုပ်ရေး စခန်းများကိုလည်း ပစ်မှတ်ထားသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“Operation Epic Fury စတင်ကတည်းက ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ အပြည့်အဝ မအောင်မြင်မချင်း ဒီစစ်ပွဲက ရပ်တန့်မှာ မဟုတ်ဘူး” ဟု သမ္မတထရမ့်က ဆိုသည်။

“အခုရရှိထားတဲ့ တိုးတက်မှုတွေအရ အမေရိကန်ရဲ့ စစ်ရေးရည်မှန်းချက်တွေအားလုံး မကြာခင်၊ သိပ်မကြာခင်မှာ ပြီးမြောက်တော့မယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ လာမည့် သီတင်းပတ်တွေမှာ သူတို့ကို အပြင်းအထန် ရိုက်နှက်သွားမှာဖြစ်ပြီး သူတို့နဲ့ ထိုက်တန်တဲ့ ကျောက်ခေတ်ဆီကို ပြန်ပို့ပေးသွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် အီရန်စစ်ပွဲမှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နှစ်လည်း ဖြစ်နေသည်။ လူထုသဘောထား စစ်တမ်းများအရ အမေရိကန်ပြည်သူအများစုမှာ ဤစစ်ပွဲအပေါ် သံသယရှိနေကြပြီး စစ်ပွဲကြောင့် မြင့်တက်လာသော စက်သုံးဆီစျေးနှုန်းများအပေါ် စိုးရိမ်ပူပန်နေကြသည်။

သမ္မတထရမ့်ကမူ အီရန်ဘက်က သဘောတူညီချက်မရယူပါက စစ်ပွဲသည် နောက်ထပ် ၂ ပတ် သို့မဟုတ် ၃ ပတ်ခန့်သာ ကြာမြင့်တော့မည်ဟု ခန့်မှန်းထားသည်။ ယခင် ကမ္ဘာ့စစ်ကြီးများ၊ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်နှင့် အီရတ်စစ်ပွဲများမှာ နှစ်ရှည်လများ ကြာမြင့်ခဲ့သော်လည်း ၎င်း၏ စစ်ဆင်ရေးမှာမူ ရက်ပေါင်း ၃၂ ရက်အတွင်း အင်အားကြီးနိုင်ငံတစ်ခုကို ချည့်နဲ့သွားစေခဲ့ကြောင်း နှိုင်းယှဉ် ပြောကြားခဲ့သည်။

အီရန်နိုင်ငံအတွက် အစိုးရအပြောင်းအလဲ (Regime Change) လုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း အီရန်၏ မူလခေါင်းဆောင်များအားလုံး သေဆုံးသွားပြီဖြစ်၍ အစိုးရအပြောင်းအလဲမှာ အလိုအလျောက် ဖြစ်ပေါ်သွားပြီဟု သမ္မတထရမ့်က ဆိုသည်။

“အီရန်အဖွဲ့သစ်ဟာ အစွန်းရောက်မှု လျော့နည်းပြီး ပိုမိုကျိုးကြောင်းဆီလျော်မှု ရှိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

စစ်ပွဲအတွင်း အီရန်စစ်တပ် အကြီးအကျယ် ပျက်စီးသွားကြောင်းလည်း ထရမ့်က အလေးပေး ပြောကြားခဲ့သည်။

“စစ်ပွဲသမိုင်းမှာ ရန်သူတစ်ယောက်ဟာ ရက်သတ္တပတ် အနည်းငယ်အတွင်း ဒီလောက်အထိ ကြီးမားတဲ့ ဆုံးရှုံးမှုမျိုး ကြုံတွေ့ရတာ တစ်ခါမှ မရှိခဲ့ဖူးဘူး” ဟု ထရမ့်က ဆိုသည်။

အီရန်နိုင်ငံအား နျူကလီးယား လက်နက်ပိုင်ဆိုင်ခြင်းမှ တားဆီးရန်အတွက် အသက်ပေးသွားခဲ့ကြသော အမေရိကန် စစ်သည် ၁၃ ဦးကိုလည်း သမ္မတက ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ အကယ်၍ ဤစစ်ပွဲသာ မရှိခဲ့ပါက အီရန်သည် နျူကလီးယား အကာအကွယ်နောက်ကွယ်မှနေ၍ ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်မှုများနှင့် ကျူးကျော်မှုများကို လုပ်ဆောင်နေလိမ့်မည်ဟု ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။

သို့သော်လည်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့များ၏ ယမန်နှစ်က သုံးသပ်ချက်အရ အီရန်တွင် တက်ကြွသော နျူကလီးယားလက်နက် စီမံကိန်းမရှိကြောင်းနှင့် လက်နက်ထုတ်လုပ်ရန် ဆုံးဖြတ်လျှင်ပင် လပေါင်းများစွာ ကြာဦးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အီရန်၏ ဒုံးကျည်များသည် အမေရိကန်ပြည်မကြီးအထိ ရောက်ရှိနိုင်စွမ်းရှိနေပြီဟု သမ္မတက ပြောကြားခဲ့သော်လည်း ယင်းမှာ အငြင်းပွားဖွယ်ရာ အချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။

ArakanBayNews #AB_News #DonalTrump #MiddleEastWar #America_Isreal #IranWar

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ